Thursday, September 7, 2023

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း လာရောက်ဖူးမြော်

နေပြည်တော် စက်တင်ဘာ ၆

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဩဂုတ် ၈ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိရာ ယနေ့စက်တင်ဘာ ၆ ရက်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများဖြင့် ဘုရားကြီးပရိဝုဏ်အတွင်း စည်ကားလျက်ရှိသည်။

 

ဘုရားဖူးလာပြည်သူများနှင့် မော်တော်ယာဉ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်ကြောများ ရှင်းလင်းပေးလျက်ရှိပြီး ဘုရားကြီးအဝင် လမ်းတစ်လျှောက်တွင် ဘုရားဖူးလာပြည်သူများ၏ မော်တော်ယာဉ်များ စနစ်တကျ စီတန်းရပ်နားထားသည်ကို မျက်စိတဆုံး တစ်မျှော်တစ်ခေါ် တွေ့ရသည်။ မုခ်ဦးအဝင်သို့ ရောက်ရှိလာသည့် ဘုရားဖူးလာပြည်သူများကို လုံခြုံရေးဝန်ထမ်းများက စနစ်တကျစစ်ဆေးလျက်ရှိရာ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများက ကြည်ဖြူစွာ အစစ်ဆေးခံကြသည်။

ဘုရားဖူးခရီးသွားများ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း သွားလာမှုလွယ်ကူစေရန်အတွက် စီစဉ်ပေးထားသည့် ဘက်ဂီမော်တော်ယာဉ်ငယ်များမှာလည်း အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာ ရေးမကောင်းသူများကို အခမဲ့ပို့ဆောင်ပေးလျက်ရှိသကဲ့သို့ ခြေကျင်ဝင်ရောက်သည့် ဘုရားဖူးခရီးသည်များဖြင့် စည်ကားလျက်ရှိသည်။ ဘုရားဖူးလာ ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ကြည်ညိုသဒ္ဓါပွားများလျက် အလှူငွေများကို ဘုရားဂေါပကအဖွဲ့ထံ၌ လည်းကောင်း၊ အလှူခံပုံးအသီးသီးတွင်လည်းကောင်း စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းလျက်ရှိသည်ကို တွေ့ရသည်။

“ကျွန်တော်တို့မိသားစုက မကွေးမြို့ကနေ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ အံ့မခန်းမာရဝိဇယဘုရားကြီးကိုတည်ထားဖို့ စကျင်ကျောက်တော်ကြီးတွေ အဆင့်ဆင့် သယ်ယူပင့်ဆောင်နေတဲ့ အချိန်ကတည်းက စိတ်အားထက်သန်ပြီး ဝမ်းသာပီတိတွေ ဖြစ်ပေါ်မိပါတယ်။ အဲဒီအချိန်ကတည်းက လာရောက်ဖူးမြော်ဖို့ ဆန္ဒတွေရှိခဲ့ပါတယ်။ ဘုရားကြီးကို အနေကဇာတင်ပြီးတဲ့အခါ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာသမိုင်းဟာ ပိုပြီးတော့ အဓွန့်ရှည်လာမယ်လို့ ယုံကြည်မိပါတယ်။ ဂန္ဓကုဋိတိုက်ထဲမှာ ၂၄ ပစ္စည်းတွေကို ကဏ္ဍတစ်ခုချင်းစီအလိုက် စကျင်ကျောက်တွေနဲ့ ထွင်းထုထားတာအပြင် ပန်းချီလက်ရာပြောင်မြောက်စွာနဲ့ ပြည်သူတွေ လေ့လာဖူးမြော်နိုင်ဖို့ ဆောင်ရွက်ထားတာလည်း အလွန်ကောင်းမွန်လှပါတယ်။ လူငယ်လူရွယ်တွေအနေနဲ့ ဘာသာတရားရဲ့အဆုံးအမတွေကို ထဲထဲဝင်ဝင် လေ့လာဖူးမြော်ရတဲ့အခါ ယဉ်ကျေးသိမ်မွေ့တဲ့ သူတော်ကောင်းတွေ ဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်။

အခုလို ဖူးမြော်ခွင့်ရတဲ့အတွက် ဦးဆောင်ဘုရားဒါယကာကြီးနဲ့ အလှူရှင်တွေအားလုံးကိုရော ကျေးဇူးတင်ပါတယ်” ဟု မကွေးမြို့မှ လာရောက်ဖူးမြော်သူ ဦးမြင့်ကိုက ပြောသည်။

မာရဝိဇယဘုရားကြီး ရင်ပြင်တော်ပေါ်တွင် စိတ်အေးချမ်းသာစွာ ဘုရားဝတ်ပြုသူများ၊ ပဋ္ဌာန်းရွတ်ဖတ်သူများ၊ ဆုတောင်းမေတ္တာပို့သသူများ၊ ကြည်ညိုသဒ္ဓါပွားသူများ၊ မုဒိတာပွားများသူများဖြင့် နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း မပြတ်စည်ကားလျက်ရှိသည်။

ဘုရားကြီး၏ ရင်ပြင်တော်ပေါ်ရှိ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်ကြီးအားတီးခတ်၍ ကုသိုလ်ပြုအမျှဝေကြသူများ၊ ဘုရားရင်ပြင်တော် အောင်မြေပေါ်တွင် အဓိဋ္ဌာန်ဆုတောင်းဖူးမြော်ကြသူများ၊ ရင်ပြင်တော်ပတ်လည်ရှိ စကျင်ကျောက်များဖြင့် တည်ဆောက်ထားသော ဂန္ဓကုဋိတိုက် ၂၄ ဆောင်အတွင်းရှိ ဇာတ်နိပါတ်တော်များအား စိတ်ပါဝင်စားစွာ လေ့လာဖတ်မှတ်နေကြသူများ၊ ကျောက်စာရုံစေတီတော် အဆူ ၇၂၀ တို့တွင် ဖူးမြော်ကြည်ညိုသဒ္ဓါပွားများသူများ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရားဖူးမြော်သူများ၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးတွင် လေ့လာကြည်ညိုကြသူများနှင့် အသင်းအဖွဲ့လိုက် ဝတ်ရွတ်ပူဇော်သူများ၊ ဇရပ်များအတွင်း အသင်းအဖွဲ့လိုက်နားနေသူများဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသူများကို အခမဲ့ဖူးမြော်ခွင့်ပေးထားပြီး ယနေ့မှစ၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း ဝင်ရောက်ချိန်တွင် ကင်မရာပါသည့် ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာ ရိုက်ကူးခြင်းများကို ထိုက်သင့်သည့်နှုန်းထားဖြင့် အခကြေးငွေကောက်ခံကာ ယူဆောင်ခွင့်ပြုထားရှိကြောင်း၊ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ယာဉ်ရပ်နားရန်နေရာတွင် ဝင်ရောက်ရပ်နားမည့် ကိုယ်ပိုင်ယာဉ်ငယ်များ၏ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထားများဖြင့် ဝင်ရောက်ခွင့်ပြုထားရှိကြောင်းနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အား နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ဟိန်းထက်ဇော် (မြန်မာ့အလင်း)

ဓာတ်ပုံ - အိမ့်ဘီလီယံမောင်

No comments:

Post a Comment