သီသီသောင်း
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီးလည်းဖြစ်၊ တပ်မတော်၏ဖခင်ကြီးလည်းဖြစ်သည့် နိုင်ငံ့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ကြိုးပမ်းဆောင်ရွက်ရင်း ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သောအိမ်ကို အထိမ်းအမှတ်ပြတိုက် (Memorial Museum)အဖြစ် ဖွင့်လှစ် ပြသထားခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်
(ရန်ကုန်)သည် အမှတ်(၂၅) ဗိုလ်ချုပ် ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း) ဗိုလ်ချို(၁)ရပ်ကွက်
ဗဟန်းမြို့နယ်တွင် တည်ရှိပါသည်။ ဗိုလ်ချုပ်အိမ် ထိပ်ပိုင်းရှိ တာဝါ(Tower)ကိုအစွဲပြု၍
တာဝါရှိသောလမ်းကို တာဝါလိန်းလမ်းဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။ ခြံအကျယ်အဝန်းမှာ ၂ ဒသမ
၄၂၃ ဧကရှိပြီး ဘဲဥပုံသဏ္ဌာန်(Oval Shape) မြေကွက်ဖြစ်ပါသည်။ ခြံဝင်းအတွင်း ၁၈ ပေမြင့်သော
တောင်ကုန်းပေါ်တွင် ၁၉၂၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့သော ဥရောပပုံစံအဆောက်အအုံ ဖြစ်ပါသည်။
နိုင်ငံတော်က
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဖွင့်လှစ်ပြသထားရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့လွတ်လပ်ရေးအတွက်
ဗိုလ်ချုပ်အောင်ဆန်း၏ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ချက်များနှင့် လေးစားကြည်ညိုထိုက်သည့်
စိတ်နေသဘောထားတို့ကို နောင်လာနောက်သားများ မမေ့မလျော့ သတိတရရှိနေစေရန်၊ အာဇာနည်ခေါင်းဆောင်ကြီး
ဗိုလ်ချုပ် အောင်ဆန်းအား လေးစားကြည်ညို စိတ်များ ဖြစ်ပေါ်လာစေရန်၊ လေးစား ကြည်ညိုသည့်အလျောက်
ဗိုလ်ချုပ်ကဲ့သို့ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ရင့်သန်လာစေရန်၊ မျိုးဆက်သစ်
လူငယ်များသည်လည်း ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများ အသက်သွေးဖြင့်
အရယူပေးခဲ့သော လွတ်လပ်ရေးကို ချစ်မြတ်နိုးစိတ်၊ ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုစိတ်များ
ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ အများပြည်သူလေ့လာနိုင်ရန် အထိမ်းအမှတ်ပြတိုက်တစ်ခုအဖြစ် ဖွင့်လှစ်ပြသထားခြင်းဖြစ်ပါသည်။
ဤအိမ်တွင်
ဗိုလ်ချုပ်သည် မိသားစုနှင့်အတူ ၁၉၄၇ ခုနှစ် ဇူလိုင်လအထိ နေထိုင်ခဲ့ရာ ဗိုလ်ချုပ်ကျဆုံးပြီးနောက်ပိုင်း
ကျန်ရစ်သူမိသားစုမှ ဆက်လက်နေထိုင် ခဲ့ရာ ၁၉၅၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အသက်(၈)နှစ်အရွယ်
သားလတ်အောင်ဆန်းလင်းသည် ဝင်းခြံ အရှေ့တောင် ဘက်ရှိ ရေကန်တွင် ရေနစ်ကွယ်လွန်ပြီးနောက်ပိုင်း
မည်သူမျှ ဆက်လက်နေထိုင်ခြင်းမရှိတော့ပါ။
ပြတိုက်ဖြစ်ပေါ်လာပုံ
“ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တည် ဆောက်ရေးကိစ္စ”ဟူသော အကြောင်းအရာဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ၁၉၅၃ ခုနှစ်
ဇူလိုင်လ ၁၈ ရက်နေ့ တွင် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနသို့ အကြောင်းကြားရာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်
တည်ဆောက်ရေးကော်မတီ အဖွဲ့ဝင်များ ဖွဲ့စည်းပြီး ပြတိုက်ဖြစ်မြောက် ရေးတာဝန်များကို အစပြုဆောင်ရွက်ခဲ့သည်။
၁၉၅၅ ခုနှစ် ဇူလိုင်လ ၂၀ ရက် နေ့တွင် ယဉ်ကျေးမှုဗိမာန် ညွှန်ကြားရေးဝန် ဦးသာမြတ်၊ ယဉ်ကျေးမှုဝန်ကြီးဌာန
အကြံပေးအရာရှိ ဒေါက်တာ နီဟာရာဂျန်ရေး၊ အမျိုးသားပြတိုက် ပြတိုက်မှူး ဒေါ်ညွန့်ဟန်နှင့်
ဌာနဆိုင်ရာအဖွဲ့ဝင်များသည် ရန်ကုန်မြို့ တာဝါလိန်းလမ်း အမှတ်(၂၅)ရှိ ဗိုလ်ချုပ် နေထိုင်ခဲ့သော
နေအိမ်ကို သွားရောက် လေ့လာခဲ့ကြသည်။
၁၉၅၅
ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ တွင် ပြတိုက်မှူး ဒေါ်ညွန့်ဟန်၏ ဗိုလ်ချုပ်နေအိမ် လေ့လာချက်အစီရင်ခံစာကို
ယဉ်ကျေးမှုဗိမာန် ညွှန်ကြားရေးဝန် ဦးသာမြတ်မှတစ်ဆင့် ယဉ်ကျေးမှုဌာန အတွင်းဝန်ထံသို့
တင်ပြခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် တည်ဆောက်ရန် လိုအပ်သော အဆောက်အအုံပြင်ဆင်ခ၊
ဗိုလ်ချုပ်ကတော်ထံမှ ဝယ်ယူရန်စာရင်း (အိမ်အသုံးအဆောင်၊ ပရိဘောဂနှင့် အခြားပစ္စည်းများ)နှင့်
ကုန်ကျငွေ၊ အမှုထမ်း၊ အရာထမ်းများ၏ လစာ၊ လျှပ်စစ်မီတာ၊ အိမ်နှင့်ခြံအတွက် အသေးသုံးစရိတ်ငွေများကို
တွက်ချက် ခဲ့ပြီး ၁၉၅၆-၅၇ ဘဏ္ဍာနှစ်တွင် ဗိုလ်ချုပ်ကတော်ထံမှ ပစ္စည်းများကိုဝယ်ယူခဲ့ကာ
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကိုယ်တိုင် ပြတိုက်သို့လာရောက်၍ ပစ္စည်းများကို ပုံစံမပျက်
နေရာချထား ပေးခဲ့ပါသည်။
ယင်းနောက်
ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးချစ်သောင်း တာဝန်ယူစဉ်ကာလဖြစ်သော ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ
၁ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ဗိုလ်ချုပ် အောင်ဆန်းပြတိုက် ကို စတင်ဖွင့်လှစ်
ပြသခဲ့သည်။
ပြခန်းဖွဲ့စည်းပုံ
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်
ဝင်ပေါက်ယာဘက်တွင် ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်ကျဆုံးသည်အထိ အသုံးပြုသွားခဲ့သည့်
အင်္ဂလန်နိုင်ငံထုတ် Wolseleyအမျိုးအစား၊ ကားနံပါတ် RC 2874 (မူလRG2874 )မော်တော်ကားကို
ကားဂိုဒေါင်အတွင်း မှန်ဖြင့်ကာရံပြသ ထားပါသည်။ ယင်းကားကို ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆
ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ဒုတိယသဘာပတိရာထူးကို လက်ခံပြီးနောက် မူလစီးနေသော
ဂျစ်ကားအမှတ်(၆၆)အစား ပြောင်းလဲပေးအပ်ခြင်းဖြစ်ပြီး ၁၉၄၇ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင်
လက်ခံရရှိခဲ့ကာ ယာဉ်မောင်းသူမှာ ဦးကျော်စိန် စသည့် အချက်အလက်များပါဝင်သည့် မော်တော်ကား
ရှင်းလင်းချက်စာသားကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြထားပါသည်။
၎င်းကားဂိုဒေါင်မှ
ပြန်ထွက်ပြီး ကုန်းတစ်လျှောက် တက်လမ်းအတိုင်း တက်လျှင် နှစ်ထပ်ဆောက်လုပ်ထားသော ဗိုလ်ချုပ်နေအိမ်ပြတိုက်
အဆောက်အအုံသို့တက်ရမည့် အမိုးမိုးထားသည့် အုတ်လှေကားသို့ ရောက်ပါသည်။ အုတ်လှေကား၏ထိပ်တွင်
လက်မှတ်ရောင်း ကောင်တာရှိပါသည်။ စင်္ကြံလမ်း၏ ညာဘက်နံရံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်
သမိုင်းကြောင်းကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရှင်းလင်းပြသထားပြီး စင်္ကြံလမ်း၏
ဘယ်ဘက်နံရံပေါ်တွင် နေအိမ်အောက်ထပ်နှင့် အပေါ်ထပ်ဖွဲ့စည်းပုံ (Floor Plan) ရှိပါသည်။
၎င်းမှဆက်သွားလျှင်
ပထမဦးဆုံး ထမင်းစားခန်းသို့ ဝင်ရောက်လေ့လာသောအခါ ဗိုလ်ချုပ်၏ ငယ်ဘဝ၊ ကျောင်းသားဘဝ၊
မိသားစုဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝ စသည်ဖြင့် ဗိုလ်ချုပ်၏ ဘဝဖြစ်စဉ်များကို မြန်မာ-အင်္ဂလိပ်
နှစ်ဘာသာဖြင့် ရှင်းလင်းပြသထားပါသည်။ ရှေ့ဘက်နံရံ ဘေးတွင် ကျွန်းဗီရိုကြီးတစ်လုံးနှင့်
၎င်းဗီရိုကြီး၏အပေါ်တွင် ကြည့်မှန်တစ်ချပ်ရှိပါသည်။ ဗိုလ်ချုပ် ၏ ငယ်နာမည် မောင်ထိန်လင်း
အမည်ဖြင့် ဖွဲ့ထားသောဇာတာကို Replica ပြုလုပ်ကာ Acrylic ဘောင်သွင်းပြသထားပါသည်။ ထို့ပြင်
ဗိုလ်ချုပ်ငယ်ဘဝ က နေထိုင်ခဲ့သော နတ်မောက်မြို့မှ နေအိမ်ပုံစံငယ်နှင့် ထမင်းစားခန်းတွင်
အသုံးပြုရန် ကျွန်းလင်ပန်း အရှင်တွဲလျက်ပါရှိပြီး အောက်တွင် ရွေ့လျားနိုင်သည့် ဘီးလေးလုံးပါ
ကျွန်းသုံးဆင့်ပစ္စည်းတင်စင်တို့ကိုလည်း ပြသထားပါသည်။
ထမင်းစားခန်း၏
အလယ်တွင် ဘုံဘေဘားမား အိမ်ထောင်ပရိဘောဂတိုက်၊ ရန်ကုန်မြို့တံဆိပ်ပါ အပိုင်းသုံးဆက်ဒီဇိုင်း
ကျွန်းထမင်းစားပွဲခုံအရှည်နှင့် ကျွန်းကုလားထိုင် ၁၀ လုံး အား ခင်းကျင်း ပြသထားပါသည်။
၎င်းထမင်းစား စားပွဲပေါ်တွင် ပဲပြုတ် (ပုံစံတူ)ထည့်ထားသည့် ပန်းကန်ပြားနှင့် နံပြား(ပုံစံတူ)ထည့်ထားသည့်
ပန်းကန် တို့အား ပြသထားပြီး ၎င်းပန်းကန်များ၏ ဘေးတွင် ဗိုလ်ချုပ်၏လက်ရေး၊ ဗိုလ်ချုပ်
၏ လက်မှတ်ထိုးထားသော “ကြည် ပဲပြုတ်နဲ့နံပြားရရင် စားချင်တယ်” ဟူသော စာသားကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြသထားပါသည်။
ထို့ပြင် စတုရန်းပုံ နှစ်ထပ်ဗီရိုထဲတွင် ဗိုလ်ချုပ်မိသားစု အသုံးပြုခဲ့သော မူရင်း ပန်းကန်လုံး၊
ပန်းကန်ပြား၊ ကရား၊ ဇွန်း စသည့် ထမင်းစားခန်းသုံးပစ္စည်းများ ထည့်သွင်းပြသထားပါသည်။
ဗိုလ်ချုပ်၏
မိသားစုဘဝကိုလည်း ဘုတ်ပြားပေါ်တွင် အောက်ပါရှင်းလင်း ချက်များဖြင့် ပြသထားသည်ကို လေ့လာရပါသည်။
၁၉၄၂ ဇွန်လတွင် ကျန်းမာရေး ချို့ယွင်း၍ ဘီအိုင်အေ ဆေးရုံကြီးတွင် ဆေးရုံတက်ရင်း သူနာပြုဆရာမ
ဒေါ်ခင်ကြည်နှင့်တွေ့ဆုံခဲ့ပြီး မေတ္တာမျှခဲ့ကြသည်။ ထို့နောက် ၁၉၄၂ စက်တင်ဘာ ၆ ရက်
မွန်းလွဲ ၂ နာရီတွင် ဘီအိုင်အေဆေးရုံကြီး အရှေ့မြောက် အစွန်ဆုံးရှိ ခန်းမဆောင်တွင်
ဒေါ်ခင်ကြည်နှင့် လက်ထပ်မင်္ဂလာပွဲကျင်းပသည်။ ၁၉၄၂ စက်တင်ဘာလ ၇ ရက် တနင်္လာနေ့ (၁၃၀၄
ခု ဝါခေါင်လပြည့်ကျော် ၁၂ ရက် တနင်္လာနေ့) ညနေ ၅ နာရီတွင် ရန်ကုန်မြို့၊ မင်တိုမင်ရှင်ဟိုတယ်(Nippon
Military Club)တွင် မင်္ဂလာထမင်းစားပွဲ ပြုလုပ်ခဲ့ပါသည်။ ၁၉၄၃ ဇွန် ၁၃ ရက်တွင် သားဦး
အောင်ဆန်းဦးကို မွေးဖွားသည်။ ၁၉၄၄ မေ ၁၀ ရက်တွင် ဒုတိယသား အောင်ဆန်းလင်းကို မွေးဖွားသည်။
၁၉၄၅ ဇွန် ၁၉ ရက်တွင် သမီးအောင်ဆန်း စုကြည်ကို မွေးဖွားသည်။ ၁၉၄၆ စက်တင်ဘာ ၂၂ ရက်တွင်
သမီးထွေးလေး မွေးဖွားသော်လည်း ၅ ရက်သမီးဘဝနှင့် ကွယ်လွန်ခဲ့ရှာသည်။
၎င်းမှတစ်ဆင့်
ဗိုလ်ချုပ်နေအိမ်၏ ဧည့်ခန်းသို့ ရောက်ရှိရာ ပန်းချီဆရာကြီး ဦးငွေကိုင်ရေးဆွဲခဲ့သည့်
အလျား ၃၂၇ စင်တီ၊ အနံ ၂၄၃ စင်တီရှိသည့် ဗိုလ်ချုပ် အောင်ဆန်း စိုက်ပျိုးရေး ပြုလုပ်နေဟန်
“အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆီဆေးပန်းချီကားကြီးကို
လှပခံ့ညားစွာ ပြသထားပြီး ဧည့်ခန်း၏ ညာဘက်ထောင့်တွင် ဗိုလ်ချုပ်ကိုယ်တစ်ပိုင်းပုံ ပလာစတာရုပ်တုကို
ပြသထားပါသည်။ ထို့ပြင် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရန် လန်ဒန်သို့ သွားရောက်ရာတွင်
အိန္ဒိယနိုင်ငံသို့ ဝင်ရောက်၍ နိုင်ငံရေး ကိစ္စများဆွေးနွေးစဉ် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်
ဂျဝါဟလ်လာ မစ္စတာနေရူး က ဗိုလ်ချုပ်အောင်ဆန်းအား ၅.၁.၁၉၄၇ ရက်နေ့တွင် လက်ဆောင်ပေးအပ်ခဲ့သော
သက္ကလပ် လောင်းကုတ်အင်္ကျီကို မတ်ရပ်မှန်ဗီရိုအတွင်း ပြသထားပြီး၊ ၎င်းကုတ်အင်္ကျီပေါ်ရှိ
ကြယ်သီးတွင် အိန္ဒိယဆေးပညာဆိုင်ရာ ဌာနအမည် နှင့် စာလုံးအမှတ်အသားပါရှိသည်ကို တွေ့ရှိပါသည်။
ဧည့်ခန်းအဝင်တွင်
အထပ်သားပေါ် ရေးဆွဲထားသည့် လောင်းကုတ်ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ မတ်ရပ်ပန်းချီကားကို
ပြသထားကာ ၎င်းပန်းချီကားအောက်ခြေတွင် မန္တလေးမြို့ ရွှေတံဆိပ်တော်ရ ပန်းချီဆရာကြီး
ဦးစောမောင်၏ တပည့်ရင်း မောင်ခမ်း လွန်း/မြင့်ညွန့် ပန်းချီအင်းစိန်ဟု ပါရှိပါသည်။ ၎င်းပန်းချီကား
နောက်ခံထားကာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ သားဦး အောင်ဆန်းဦး၊ သားလတ် အောင်ဆန်းလင်းတို့
ရိုက်ထားသော မိသားစုဓာတ်ပုံ တို့ကို ပြသထားပြီး ဧည့်ခန်းအလယ်၌ မူရင်းပက်လက်ကုလားထိုင်တွင်
ဗိုလ်ချုပ်ထိုင်ကာ စာဖတ်နေဟန် ဆီလီကွန်ရုပ်တုကို ဗိုလ်ချုပ်အပန်းဖြေစဉ် အသုံးပြုသော
နှစ်ဆင့်ပါ စာအုပ်တင်ခုံနှင့် ပူးတွဲ ပြသထားပါသည်။ ထို့ပြင် ဗိုလ်ချုပ် အသုံးပြုခဲ့သော
စားပွဲနှင့် ထိုင်ခုံ ဆက်တီများ၊ တင်ခုံပေါ်တွင် ဗိုလ်ချုပ် နားထောင်ခဲ့သည့်
(Philip) အမျိုးအစား ရေဒီယိုနှင့် ဗိုလ်ချုပ်အိမ်ဧည့်ခန်းတွင် အသုံးပြုခဲ့သော ကြေးပန်းအိုးကြီးများကို
ပုံစံမပျက်ပြသထားပါသည်။ ဧည့်ခန်းမှ အထွက် လှေကား၏ဘေးတွင် ဗိုလ်ချုပ် အောင်ဆန်းဖိနပ်ထိုင်စီးရာတွင်
အသုံးပြုခဲ့သည့် ကုလားထိုင် ကိုလည်း ပြသထားပါသည်။
ဧည့်ခန်းမှထွက်ပြီး
အပေါ်ထပ်သို့ လှေကားမှ ဆက်လက်တက်လာရာတွင် လှေကားထိပ် ဘယ်ဘက်တွင် ဗိုလ်ချုပ် ဇနီးမောင်နှံအိပ်ခန်းသို့
ရောက်ရှိပါသည်။ အိပ်ခန်းအတွင်းတွင် ဗိုလ်ချုပ်တို့ ဇနီးမောင်နှံနှင့် အောင်ဆန်းဦး ဓာတ်ပုံ၊
ဗိုလ်ချုပ်တို့ ဇနီးမောင်နှံဓာတ်ပုံများအား ချိတ်ဆွဲ ပြသထားပါသည်။
၎င်းမှ
ဆက်လက်လေ့လာပါက အခန်းထောင့်တွင် အပေါ်ထပ်ဘုရားဆောင်သို့ တက်သည့် လှေကားရှိပါသည်။ ဗိုလ်ချုပ်ပြတိုက်၏
သက်တမ်းသည် နှစ်ပေါင်း ရာကျော်နေပြီဖြစ်သဖြင့် ပြတိုက်ရေရှည်တည်တံ့စေရန်နှင့် ပြတိုက်၏
ကြံ့ခိုင်မှုအတွက် ဘုရားဆောင်ပေါ်သို့ အများပြည်သူတို့ တက်ရောက်ခွင့်မပြုနိုင်ပါသဖြင့်
၎င်း လှေကားဘေးရှိ ဘုတ်ပြားပေါ်တွင် ဗိုလ်ချုပ်နတ်မောက်မြို့၌ နေထိုင်ခဲ့စဉ်က ကိုးကွယ်ခဲ့သော
ဗုဒ္ဓဆင်းတုတော်ပုံ၊ ဗိုလ်ချုပ်၏ ဘုရားဆောင်မှ ဘုရားစင်ပုံ၊ ဘုရားဆောင် ပြတင်းပေါက်မှ
ဖူးမြင်ရသော ရွှေကြက်ယက် ဘုရားရှုခင်းပုံနှင့် ရွှေတိဂုံဘုရားရှုခင်းပုံများအား ကြည်ညို
ဖွယ်ပြသထားပါသည်။
၎င်းနှင့်ကပ်၍
မှန်တင်ခုံတစ်ခုကို တွေ့ရပါသည်။ အခန်း၏ထောင့်တွင် ကျွန်းသားနှင့် ပြုလုပ်ထားသော လေးဆင့်
မှန်ဗီရိုတစ်လုံးထဲတွင် ဗိုလ်ချုပ်ဝတ်ဆင် အသုံးပြုခဲ့သော အဝတ်အစား၊ စစ်ယူနီဖောင်း၊
အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသထားပါသည်။ နံရံဘေး ဗီရိုကြီးထဲတွင် ဗိုလ်ချုပ်
နိုင်ငံ့လွတ်လပ်ရေးကြိုးပမ်းစဉ် အရေးပေါ် ခရီးထွက်သည့်အခါ အဆင်သင့်ယူဆောင်သည့် သားရေသေတ္တာနှင့်
၎င်းသားရေသေတ္တာထဲတွင် ထည့်ထားသည့် အောက်ခံစွပ်ကျယ်များ၊ စောင်နှင့် အဝတ်အစားများ၊
စစ်ယူနီဖောင်း၊ စပို့ရှပ်၊ ပိုးရှပ်အင်္ကျီ၊ ပိုးပုဆိုး၊ ရှပ်အင်္ကျီ၊ ပုဆိုး၊ လက်ကိုင်ပဝါများ၊
တိုက်ပုံအင်္ကျီ၊ စစ်ယူနီဖောင်းနှင့် အောက်ခံဘောင်းဘီများကို ပြသထားပါသည်။ အိပ်ခန်း၏
အလယ်တွင် ဗိုလ်ချုပ်တို့ ဇနီးမောင်နှံအိပ်သော ကျွန်းခုတင်နှင့်မွေ့ရာ၊ ခေါင်းအုံးနှစ်လုံး၊
ခြင်ထောင်တို့အား ပုံစံမပျက် ခင်းကျင်းပြသထားပြီး ခုတင်ခြေရင်းတွင် အဝတ်လှန်းစင်တစ်ခုကို
တွေ့ရပါသည်။
အိပ်ခန်းမှတစ်ဆင့်
စာကြည့်ခန်းသို့ ဆက်လက်လေ့လာလျှင် ဝင်ပေါက် ညာဘက်ဘေးတွင် ဗီရိုအလွတ် တစ်လုံးရှိ၍ ဘယ်ဘက်ဘေးတွင်
မတ်ရပ်ဗီရိုကြီး တစ်လုံးရှိပါသည်။ ညာဘက်ဗီရို၏ အပေါ်နံရံတွင် ဆေးလိပ်သောက်ရန် မီးညှိနေသော
ဗိုလ်ချုပ်၏ ဓာတ်ပုံကို ပြသထားပါသည်။ ၎င်းဓာတ်ပုံ၏ အောက်ဘက်တွင် ဗိုလ်ချုပ်စာရေးသော
စာရေးစားပွဲခုံနှင့် ထိုင်ခုံတစ်လုံးစီ ခင်းကျင်းပြသထားရာ စားပွဲခုံကြီး၏ ဘေးတစ်ဖက်စီတွင်
စာအုပ်တင်စင် အလွတ်တစ်လုံးစီ ရှိပါသည်။ စားပွဲခုံ၏ ရှေ့တွင်လည်း ထိုင်ခုံနှစ်လုံး ချထားပါ
သည်။
စာကြည့်စားပွဲခုံ၏
ဘေးနံရံတွင် အဆင့်လေးဆင့်ပါရှိသော စာအုပ်ဗီရိုကြီးထဲ၌ စွယ်စုံကျမ်းများ၊ စစ်သမိုင်းများ၊
ဘောဂဗေဒကျမ်းများ စသည်ဖြင့် အင်္ဂလိပ်ဘာသာ ၂၃၉ အုပ်၊ မြန်မာ ဘာသာနှစ်အုပ် စုစုပေါင်း
ပြတိုက်စာရင်းအရ ဗိုလ်ချုပ်ဖတ်ရှုလေ့လာခဲ့သော စာအုပ် ၂၄၁ အုပ်အား ပြသထားပြီး အပေါ်ဘက်နံရံတွင်
စာအုပ်စာရင်းအား အင်္ဂလိပ်ဘာသာနှင့် အကန့်(၇)ခုခွဲ၍ ပြသထားပါသည်။
ဆက်လက်လေ့လာသော်
ကလေးများအိပ်ခန်းတွင် ဗိုလ်ချုပ်မိသားစု ဓာတ်ပုံများကို ချိတ်ဆွဲထားပြီး နံရံ၏ ထောင့်တွင်
ကိုယ်လုံးပေါ်မှန်၊ အဝတ်လှန်းစင်တစ်ခု၊ အောင်ဆန်းလင်း အဝတ်အစားများ ထည့်ထားသော ဗီရိုတစ်လုံးရှိပါသည်။
ထို့နောက် စိန့်ပေါလ်ကျောင်းတွင် ဒုတိယတန်းတက်နေသည့် အောင်ဆန်းလင်း၏ စာအုပ်များ၊ ကစားစရာကတ်လေးများ၊
ရေနစ်သေဆုံးသည့် ၁၆.၁.၁၉၅၃ ရက်နေ့တွင် စာသင်ကြားခဲ့သည့်လက်ရေးမူကို မြန်မာ-အင်္ဂလိပ်
နှစ်ဘာသာဖြင့် မှန်ဗီရိုဖြင့် ထည့်သွင်း ပြသထားပါသည်။ ၎င်းအိပ်ခန်းအလယ်တွင် အောင်ဆန်းဦး၊
အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်တို့ အိပ်သည့် ခုတင်သုံးလုံးကို မွေ့ရာ၊ ခေါင်းအုံး၊
ခြင်ထောင်များဖြင့် ခင်းကျင်း ပြသထားပါသည်။
ကလေးများ၏
အိပ်ခန်းမှထွက်လျှင် အထူးအစည်းအဝေးခန်းသို့ ရောက်ရှိပါသည်။ အစည်းအဝေး ခန်းမတွင် လက်တင်ကျောမှီ
ပက်လက်ထိုင်ခုံနှင့် စာအုပ်တင်ခုံတစ်လုံးရှိပြီး အလယ်တွင် စားပွဲဝိုင်းနှင့် ထိုင်ခုံလေးလုံးကို ခင်းကျင်းထားပြီး
စားပွဲဝိုင်း၏ အနောက်ဘက် နံရံပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များကို
မြန်မာ- အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသား ဖော်ပြထားပါသည်။
ကလေးများအိပ်ခန်း၊
စာကြည့်ခန်း၊ အထူးအစည်းအဝေးခန်းတို့တွင် သန့်စင်ခန်း၊ ရေချိုးခန်းတွဲလျက် ပါရှိပါသည်။
ချက်ပြုတ်ရန် မီးဖိုဆောင်ကို အောက်ထပ် အိမ်မကြီး၏ မြောက်ဘက်တွင် ဆောက်လုပ် ထားပါသည်။
နောက်ဆုံးပြကွက်အနေဖြင့်
နေအိမ်၏အနောက်ဘက် ပတ်လမ်းအတိုင်း ဆက်လျှောက်ပါက စိုက်ပျိုးရေးပြုလုပ်နေဟန် ဗိုလ်ချုပ်ရုပ်တုနှင့်
သီးပင် စားပင်များ ဝေဆာနေသော ဗိုလ်ချုပ် စိုက်ခင်းကို တွေ့ရမည်ဖြစ်ပါသည်။ စိုက်ခင်းဘေးပတ်လမ်းအတိုင်း
ကြည့်ပါက ဗိုလ်ချုပ်၏ ဒုတိယသား အောင်ဆန်းလင်း ရေနစ်ကွယ်လွန်ခဲ့သော ရေကန်အား တွေ့ရှိရပါမည်။
၎င်းရေကန်ရှေ့ တွင် ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် နေ့တွင် ဒုတိယသား အောင်ဆန်းလင်း
ရေနစ်၍ ကွယ်လွန်ခဲ့သည့် ရေကန်ဟု ရှင်းလင်းဖော်ပြထားသည့် ဆိုင်းဘုတ်ကို တွေ့ရမည်ဖြစ်ပြီး
၎င်းရေကန်ကို နောက်ဆုံးကြည့်ရှုပြီးလျှင် ပြတိုက် ထွက်ပေါက်သို့ ရောက်ရှိမည်ဖြစ်ပေသည်။
ဗိုလ်ချုပ်
အသက်ရှင်စဉ်ကာလ ဤအိမ်ကြီးတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် သမိုင်းဝင် အရေး ကြီးသည့်
အောက်ပါအစည်းအဝေးများကျင်းပခဲ့ကြောင်း မြန်မာ့ရက်စဉ်သမိုင်းတွင် လေ့လာ ရပေသည်။
(က) ၁၉၄၅ မတ်လ ၁ ရက်နေ့မှ ၃ ရက် နေ့အထိ ရန်ကုန်မြို့ပတ်လမ်း
(ယခု ဗိုလ်ချုပ်ပြတိုက်လမ်း) ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် ဖက်ဆစ်တိုက်ဖျက်ရေးနှင့်
ပြည်သူ့ အဖွဲ့ချုပ်ခေါင်းဆောင်များ အစည်းအဝေး ကျင်းပသည်။
(ခ) ၁၉၄၅ မတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ပတ်လမ်း
(ယခုဗိုလ်ချုပ် ပြတိုက်လမ်း) ဗိုလ်ချုပ် အောင်ဆန်း နေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်း၊
သခင် သန်းထွန်း၊ ဦးဗဆွေ၊ ဗိုလ်မှူးကြီး နေဝင်း၊ ဗိုလ်မှူးကြီးဇေယျ၊ သခင် ချစ်နှင့်
အခြားတပ်မှူး ၃-၄ ဦးတို့ ဆွေးနွေးကြသည်။ ၁၉၄၅ မတ်လ ၂၅ ရက်နေ့ ည(၁၉:၃၀) နာရီတိတိတွင်
ဖက်ဆစ်ဂျပန်တို့ကို တစ်ပြိုင်နက်တည်း တော်လှန် တိုက်ခိုက်ကြမည်ဟု သတ်မှတ်သည်။
(ဂ) ၁၉၄၅ မတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ပတ်လမ်း
(ယခုဗိုလ်ချုပ် ပြတိုက်လမ်း)ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် တော်လှန်ရေးနေ့ကို ဧပြီလ
၂ ရက်သို့ ပြောင်းလဲ သတ်မှတ်သည်။
(ဃ) ၁၉၄၅ ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ပတ်လမ်း
(ယခုဗိုလ်ချုပ် ပြတိုက်လမ်း) ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၌ မြန်မာသတင်းစာဆရာများနှင့်
စာရေးဆရာများအား လက်ဖက်ရည်ပွဲ ဖြင့် ဧည့်ခံသည်။
(င) ၁၉၄၅ ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ပတ်လမ်း
(ယခုဗိုလ်ချုပ် ပြတိုက်လမ်း) ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၌ ဗမာ့တပ်မတော် ခေါင်းဆောင်
အရာရှိကြီးများ အစည်းအဝေး ကျင်းပပြီး “တိုင်းပြည်အတွက် ကြေညာစာတမ်း”နှင့် “ဗမာ့ တပ်မတော်၏ နောင်ရေးအတွက် ဆုံးဖြတ်ချက်များ”ကို ရေးဆွဲ ချမှတ်သည်။
(စ) ၁၉၄၆ စက်တင်ဘာလ ၁၈ ရက်နေ့ တွင် မြန်မာနိုင်ငံဘုရင်ခံ
ဆာဟူး ဘတ်ရန့်စ်က ဗိုလ်ချုပ်အောင်ဆန်း၏အိမ်သို့ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။
(ဆ) ၁၉၄၆ စက်တင်ဘာလ ၂၆ ရက်နေ့ တွင် ရန်ကုန်မြို့ပတ်လမ်း
(ယခု ဗိုလ်ချုပ်ပြတိုက်လမ်း) ဗိုလ်ချုပ် အောင်ဆန်းနေအိမ်၌ မြန်မာ သတင်းစာဆရာများနှင့်
အစည်းအဝေးကျင်းပသည်။
အချုပ်အားဖြင့်ဆိုရသော်
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး နေထိုင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို
ကြည့်ရှုလေ့လာခြင်းဖြင့် ဤအိမ်ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာ့လွတ်လပ်ရေးအတွက်
အရေးကြီးသည့် အစည်းအဝေးများ ပြုလုပ်နေပုံကို ပြန်လည်မြင်ယောင်ကာ အာဇာနည် ခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း အား လေးစားကြည်ညိုစွာ လွမ်းဆွတ်မိရင်း ဗိုလ်ချုပ်၏ နိုင်ငံ့အတွက်
သက်စွန့်ကြိုးပမ်း ဆောင်ရွက်ချက်များကို နောင်လာနောက်သားများ မမေ့မလျော့ သတိတရရှိနေစေရန်၊
ဗိုလ်ချုပ်၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များကို အတုယူစေရန်၊ အနာဂတ်မျိုးဆက်သစ်များသည်လည်း
မြန်မာ့လွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်လိုစိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်များ
ဖြစ်ပေါ်လာစေရန် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အား လာရောက်လေ့လာသင့်ပါကြောင်း ရေးသား
တိုက်တွန်းအပ်ပါသည်။
ကိုးကား
-
၁။ မြန်မာ့ရက်စဉ်သမိုင်း၊ (အကြိုသမိုင်း ကာလမှ
၁၉၄၅ အထိ) (ပထမတွဲ)
၂။
မြန်မာ့ရက်စဉ်သမိုင်း၊ (၁၉၄၅-၄၈) (ဒုတိယတွဲ)
၃။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ပြတိုက် မှူး ဘဝလေ့လာချက်များ
၄။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ပြတိုက် မှူးဦးလှငွေ၏ မှတ်တမ်းမှတ်ရာများ
၅။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်း
သုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာနမှ ထုတ်ဝေသော မြန်မာ့လွတ်လပ်ရေး ဗိသုကာ
ဗိုလ်ချုပ်အောင်ဆန်း(၂၀၂၀)

No comments:
Post a Comment