လွန်ခဲ့သည့် (၇၆)နှစ်။ ခေတ်သစ်မြန်မာနိုင်ငံ၏ သမိုင်းသည် နိဒါန်းပဏာမအစမှာပင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုဖြင့် အရုပ်ဆိုးအကျည်းတန်စွာ ဖွင့်လှစ်ခဲ့ရာ လွတ်လပ်ပြီးနောက် မြန်မာနိုင်ငံအပေါ် အဆိုပါဖြစ်ရပ်က များစွာပြောင်းလဲသွားစေသည်ဟု မြန်မာနိုင်ငံသား အများအပြားတို့က ယနေ့ထက်တိုင် ယုံကြည်ကြသည်။ အကယ်၍သာ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နိုင်ငံတော်လုပ်ကြံမှုကြီး မဖြစ်ခဲ့လျှင်၊ အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ သက်ရှိထင်ရှား ဆက်ရှိနေခဲ့မည်ဆိုလျှင်... စသည်ဖြင့် ဆက်လက် ဖြစ်ပေါ်လာဖွယ်ရှိသည့် မြန်မာနိုင်ငံ၏ ပုံရိပ်များကို မှန်းဆ ပုံဖော်ကြည့်နေကြဆဲဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေး
ရအံ့ဆဲဆဲကာလတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတော်အဆင့် အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုနှင့်
စပ်လျဉ်း၍ နောက်ကွယ်မှ ဖြစ်ရပ်များမှာ ပဟေဠိဆန်စွာ ကျန်ရစ်နေခဲ့သော် လည်း ထင်ရှားစွာထွက်ပေါ်လာသည့်အချက်မှာ
အာဏာလောဘဇောနှင့် အာဃာတ တရားပင် ဖြစ်သည်။ ရာထူးရာခံနှင့်အာဏာကို ရယူလိုသည့် လောဘ၊ အထင်မှား
အမြင်မှားခြင်းကို အရင်းခံကာ ဖြစ်ပေါ်လာသည့် ရန်ငြိုးရန်စ အာဃာတတို့ တဟုန်းဟုန်းတောက်လောင်နေသော
ဒေါသ၊ အမှားအမှန်၊ လုပ်သင့်မလုပ်သင့် ဆင်ခြင်တုံတရားတို့ ပိန်းပိတ်မှောင်ကာ ပျောက်ကွယ်
နေသည့် မောဟတို့ တစ်ခုနှင့်တစ်ခု အထောက်အကူပြုကာ နိုင်ငံကို တုန်လှုပ်ခြောက်ခြားစေခဲ့သည့်
အကြမ်းဖက်လုပ်ကြံမှုကြီးသည် အပြုခံရသူများကိုသာမက ပြုသူများကိုလည်း ပျက်စီးစေခဲ့သည်မှာ
နိုင်ငံရေးသံဝေဂရဖွယ်ပင်ဖြစ်သည်။
သို့ရာတွင်
နိုင်ငံလွတ်လပ်ရေးရခဲ့ပြီးသည်မှာ စိန်ရတုကာလသို့ ရောက်ရှိလာခဲ့သည့်တိုင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်
နိုင်ငံ့အင်အား တောင့်တင်းခိုင်မာရေးအတွက် တစ်ခဲနက်သော စည်းလုံး
ညီညွတ်မှုကို တည်ဆောက်၍မရနိုင်သေး။ နိုင်ငံရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အဓိက
အခြေပြုရာ နယ်ပယ်ဖြစ်သော်လည်း နိုင်ငံရေးနယ်ပယ်တွင် ကိလေသာမီးတို့ ဆက်လက် တောက်လောင်နေခြင်းက
နိုင်ငံနှင့်လူမျိုးတို့ကို အောက်တန်းသို့ကျရောက်အောင် ဆွဲချနေသည်။ မည်သို့ပင်ဆိုစေ
တစ်ဖက်တွင်လည်း နိုင်ငံကိုတည်ဆောက်နေလျက်၊ တည်ဆောက်ပြီးသည့် နိုင်ငံ တည်တံ့အောင် ကာကွယ်နေလျက်ရှိသည့်
အပြုအင်အားများ၊ အပေါင်းလက္ခဏာအင်အားများ ကြောင့်သာလျှင် နှစ်ပေါင်းထောင်နှင့်ချီလျက်
တည်တံ့လာသော မိမိတို့နိုင်ငံ ယခုထက်တိုင် အလုံးအထည်မပျက် ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။
“ကျွန်ုပ်တို့၏ ရာဇဝင်အဖြစ်အပျက်၊ ကျွန်ုပ်တို့၏ လူမျိုးအတွက်
သတ္တိဗျတ္တိနှင့် အံ့ဘွယ်ဘနန်း သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့ကြသည့် မရေမတွက်နိုင်သော
သွားလေသူ မျိုးချစ်ပုဂ္ဂိုလ်အပေါင်း တို့နှင့်တကွ ထိုပုဂ္ဂိုလ်တို့ ပေးအပ်ခဲ့သည့် အမွေအနှစ်တည်းဟူသော
အာဇာနည်စိတ် စသည်တို့ကို ကျွန်ုပ်တို့ ယခုအချိန်အခါ၌ သတိရကြပေလိမ့်မည်။ ထိုသို့သတိရကြသည့်
အားလျော်စွာ ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်အပေါင်းတို့အား ကျွန်ုပ်တို့သည် ခဏတာမျှ အရိုအသေပြုပြီးလျှင်
ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်တို့၏ အဆင့်အတန်းကိုမီအောင် အားထုတ်လုံးပန်းမည်၊ ထိုထိုသော
အာဇာနည် ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရွက်မည်ဟူ၍ သစ္စာပြုကြပါစို့။
ကျွန်ုပ်တို့ ၏ လူမျိုးသည် ဧကန်စင်စစ် ကြီးပွားတိုးတက် တန်ခိုးထွက်ပေတော့မည်။” ဟူ၍ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းတွင်
ဗိုလ်ချုပ်အောင်ဆန်းက ထည့်သွင်း မိန့်ကြားခဲ့သည်မှာ နိုင်ငံနှင့်လူမျိုးတို့အတွက် ထာဝရမှာကြားချက်ဟု
ဆိုနိုင်သည်။
နိုင်ငံသမိုင်းတစ်လျှောက်မှ
ဘိုးဘွားမိဘ မျိုးချစ်ပုဂ္ဂိုလ်တို့၏ အာဇာနည်စိတ်ဓာတ်အမွေကို ဆက်ခံကာ ဘိုးဘွားတို့
တည်ဆောက်ထူထောင်ခဲ့သည့် ပြည်ထောင်စုနိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊
နိုင်ငံတော်နှင့် နိုင်ငံသားတို့ ကမ္ဘာ့အလယ်တွင် တင့်တယ်စွာရပ်တည်နိုင်ရေး အကျင့်သီလ၊
လုံ့လ ဝီရိယ၊ ဉာဏ်ပညာ၊ လက်ရုံးရည် နှလုံးရည် ထူးကဲသာလွန်စွာဖြင့် မဆုတ်မနစ် အားထုတ်ကြိုးပမ်းကြရပါမည့်အကြောင်း။
။
No comments:
Post a Comment