မော်လမြိုင် ဇန်နဝါရီ ၁၁
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် မွန်ပြည်နယ်မှ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးဇော်လင်းထွန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က
လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံး၏ အသက်ခန္ဓာပင်ဖြစ်ကြောင်း၊
အမျိုးသားခေါင်းဆောင် ကြီးများ နှင့် ဘိုးဘေးဘီဘင် မျိုးချစ်ပုဂ္ဂိုလ်များ စွန့်လွှတ်စွန့်စား
အားထုတ်ကြိုးပမ်းရယူခဲ့သည့် မြန်မာ့ လွတ်လပ်ရေးကို အစဉ်ထာဝရတည်တံ့နေစေရေးအတွက် (၇၅)နှစ်မြောက်
စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များကို အလေးအနက်ခံယူပြီး တိုင်းရင်းသားအားလုံး
ဥမကွဲသိုက်မပျက် သွေးစည်းညီညွတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊
ဘဝတစ်သက်တာအတွင်း တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ယခုကဲ့သို့ မှတ်တမ်းတင်
ဂုဏ်ပြုချီးမြှင့်ခြင်းခံရသကဲ့သို့ ဆက်လက်ပြီး အနာဂတ်ကာလတွင်လည်း နိုင်ငံတော်ကြီး ရေရှည်
တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ သားစဉ်
မြေးဆက်များကိုပါ ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်စေရန် စံနမူနာကောင်းများပြကြပါရန် တိုက်တွန်း
ပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်မှ သီရိပျံချီဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့
ရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးဇော်လင်းထွန်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ် မြတ်သက်ဦးတို့က ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းတင်
ဓာတ်ပုံများရိုက်ခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)









No comments:
Post a Comment