ကြည်ကြည်ဝင်း (စာပေဗိမာန်)
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ပြာသိုလဆန်း ၁၄ ရက် ဗုဒ္ဓဟူးနေ့ ခရစ်နှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ (၇၅)နှစ်ပြည့်မြောက် စိန်ရတုမင်္ဂလာအခါသမယဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၇၅)နှစ် မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် တနင်္ဂနွေနေ့ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့နိုင်ငံများအကြား ဝင့်ဝင့်ကြွားကြွားပေါ်ထွက်လာခဲ့ပါတယ်။
အမျိုးသားရေးစိတ်ဓာတ်နဲ့ခံယူချက်တွေ တစ်ချိန်ကဘိုးဘွားတွေက
အမျိုးသားရေးစိတ်ဓာတ်နဲ့ နိုင်ငံ့လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့သလို ယနေ့အချိန်ကာလမှာလည်း
ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးကြီးအရှည်တည်တံ့ခိုင်မြဲအောင် အမျိုးသားရေးစိတ်ဓာတ်တွေ
မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ လူမျိုးစုံဝါဒ၊ ယဉ်ကျေးမှုဝါဒတို့ဟာ
အတိုင်းအတာတစ်ခုအရသာ ဖြစ်သင့်ပါတယ်။ အကန့်အသတ်မဲ့ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံဆိုပါက
အင်အားကြီးသူက အင်အားငယ်သူတွေကို ဝါးမျိုသွားမှာဖြစ်ပါတယ်။ အခုလိုဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ
ခေတ်သစ်ကိုလိုနီစနစ်ကိုကာကွယ်ဖို့ အမျိုးသားရေးစိတ်ဓာတ်နဲ့ခံယူချက်တွေ လိုအပ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံတွေအကြား
မဟာဗျူဟာအရအားပြိုင်နေတဲ့ အင်ဒိုပစိဖိတ်ဒေသရဲ့အချက်အချာ အရှေ့တောင်အာရှမှာတည်ရှိနေပြီး
ပထဝီအနေအထားအရရော၊ ပြည်တွင်းနိုင်ငံရေးအခြေအနေအရပါ အင်အားကြီးနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်လှုပ်ရှားဖို့
အလားအလာရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အင်ဒိုပစိဖိတ်ရပ်ဝန်းဟာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ၊
ယင်းနိုင်ငံတွေရဲ့ ကမ်းရိုးတန်းတွေနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေပါဝင်ပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေ
တည်ရှိရာဒေသဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ထက်ဝက်ကျော် (၅၈ ရာခိုင်နှုန်း) နေထိုင်ရာဒေသ
ဖြစ်သလို ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးတိုးတက်နေတဲ့ ဒေသဖြစ်နေတာမို့ ကမ္ဘာ့အချက်အချာကို
လွှမ်းမိုးနိုင်ဖို့ အင်အားကြီးနိုင်ငံတို့ ပြိုင်ဆိုင်နေကြတာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံ့အချုပ်အခြာအာဏာခိုင်မြဲတည်တံ့ဖို့
တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ် ကြဖို့လိုပါတယ်။ နိုင်ငံရဲ့ငြိမ်းချမ်းရေးကိစ္စရပ်တွေမှာ
ပြည်ပစွက်ဖက်မှုကင်းစင်စွာနဲ့ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း မျက်နှာချင်းဆိုင်
တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ဖို့လိုပါတယ်။ ပြည်တွင်း၊ ပြည်ပက မြန်မာ့ငြိမ်းချမ်းရေးအကျိုးကို
မလိုလားသူတွေရှိနေသရွေ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ခရီးမပေါက်ဘဲရှိမှာဖြစ်တဲ့အတွက်
ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်း ဝေဖန်အပုပ်ချနေမှုတွေအပေါ် နားယောင်ဖို့မသင့်ကြောင်း
တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ သတိပြုမိဖို့လိုပါတယ်။ (၇၅)နှစ်တာကြာခဲ့တဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပိုမိုခိုင်မာစေဖို့၊
တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ခြင်းအသီးအပွင့်တွေနဲ့ပြည့်စုံစေဖို့ အရေးကြီးတဲ့အချိန်ကာလရောက်ရှိနေပါပြီ။
၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို
ဖော်ဆောင်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။
ယနေ့ကာလဟာ ပြည်သူတစ်ရပ်လုံးလိုအပ်နေတဲ့
ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်တဲ့
တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့အချိန်ကာလဖြစ်ပါတယ်။ နိုင်ငံ့အကျိုးစီးပွားကိုမလိုလားဘဲ
ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်နေတဲ့ ပြည်တွင်းပြည်ပအဖျက်သမားတွေရဲ့အန္တရာယ်ကို
သတိပြုရပါမယ်။
နိုင်ငံသားတိုင်းဟာ ကိုယ့်တိုင်းပြည်
ကိုယ့်လူမျိုးကိုချစ်ကြပါတယ်။ မြန်မာနိုင်ငံဟာ သယံဇာတနဲ့လူဦးရေမျှတပြီး ကိုယ့်ဘာသာ
သာသနာနဲ့နေနိုင်တဲ့နိုင်ငံဖြစ်လို့ ရှေးကဘိုးဘေး ဘီဘင်တို့ကို ကျေးဇူးတင်မိပါတယ်။ တန်ဖိုးထားသင့်တဲ့အရာတွေကိုတန်ဖိုးထားပြီး
ဆက်လက် ထိန်းသိမ်းဖို့ဆိုတာ စာပေကနေပဲရမှာဖြစ်ပါတယ်။ စာပေကိုမဖတ်ရင် သမိုင်းတွေ၊ ဗဟုသုတတွေကိုမသိတော့
မျိုးချစ်စိတ်တွေလည်းကင်းမဲ့နေမှာ ဖြစ်ပါတယ်။ စာပေကို ဖတ်ရှုခြင်းဖြင့် မျိုးချစ်စိတ်တွေထက်သန်လာပြီး
တိုင်းပြည်အတွက် သားကောင်း သမီးကောင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ သားကောင်းသမီးကောင်းတွေက
အဖွဲ့အစည်းတစ်ခုခုကိုထူထောင်ပြီး ရရှိထားပြီးဖြစ်တဲ့ သဘာဝကပေးထားတဲ့ အရင်းအမြစ် တွေနဲ့ပေါင်းစပ်လိုက်ရင်
ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ တစ်နိုင်ငံဖြစ်လာမှာ မလွဲမသွေပါပဲ။ နိုင်ငံတော်အစိုးရက
တိုင်းပြည်သာယာဝပြောရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးဆိုတဲ့ အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ရပ်ကို
ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံရဲ့လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ဟာ လယ်ယာလုပ်ငန်းနဲ့
အသက်မွေးဝမ်းကျောင်းပြုနေပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်နေတဲ့နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံသူ နိုင်ငံသားအားလုံး စားရေရိက္ခာဖူလုံရေး၊
အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်း လုံခြုံမှုရှိစေရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။
ခရိုင်တစ်ခုစီမှာ
တစ်ကျောင်းဖွင့်လှစ်နိုင်ဖို့
အခြေခံပညာကျောင်းတွေမှာ စိုက်ပျိုးမွေးမြူရေးနဲ့
စက်မှုဆိုင်ရာပညာရပ်တွေ သင်ကြားနိုင်ဖို့ ခရိုင်တစ်ခုစီမှာ တစ်ကျောင်းဖွင့်လှစ်နိုင်ဖို့
စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။ စိုက်ပျိုးရေး သိပ္ပံနဲ့ မွေးမြူရေးသိပ္ပံတွေကိုဖွင့်လှစ်မှသာ
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ စက်မှုလုပ်ငန်းအတွက် ကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်တွေ
ရရှိလာမှာအမှန်ပဲဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
တိုင်းပြည်သာယာဝပြောရေး၊ စားနပ်ရိက္ခာဖူလုံရေး လုပ်ဆောင်နေတာတွေ၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့
ပြည်ထောင်စုကြီး တည်ဆောက်ရေးဆောင်ရွက်နေတာတွေ၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိဖို့
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားဆောင်ရွက်နေတာတွေတွေ့ရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်တက်ကြွပြီး
ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ဆက်လက် ကျင့်သုံးနေသလို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး
မူကြီး (၅) ချက်ကို အခြေခံလျက် ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိပါတယ်။
ကမ္ဘာ့အသိုက်အဝန်းအတွင်း တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်မာစွာရပ်တည်နေပြီး
အာဆီယံအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေပါတယ်။
တိုင်းပြည်တည်ငြိမ်အေးချမ်းလာတာနဲ့အမျှ
ပြည်တွင်းပြည်ပခရီးသွားလာမှုတွေကြောင့် ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ
လည်ပတ်လာနိုင်မှာဖြစ်ပြီး လည်ပတ်သုံးစွဲငွေတွေ တိုးမြင့်လာမှာဖြစ်ပါတယ်။ ပြည်ပခရီးသွားတွေဝင်ရောက်ခြင်းကြောင့်
နိုင်ငံခြားဝင်ငွေတွေ ပိုမိုရရှိလာနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပခရီးသွားလာမှုတွေ
မြှင့်တင်ဆောင်ရွက်နိုင်မယ်ဆိုရင် စီးပွားရေးအရ များစွာ တိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်။
ပုဂ္ဂလိကကိုဗဟိုပြုတဲ့
စီးပွားရေးလုပ်ငန်းတွေ
မြန်မာနိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ်၊
ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံဖြစ်ပါ တယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ
ပုဂ္ဂလိကအခန်းကဏ္ဍ၊ လူတစ်ဦးချင်းရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်ရဲ့ အဓိကမောင်းနှင်အားဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတွေ
မတည်ထူထောင်ထားပြီး ကျန်ရှိတဲ့ငွေကို MSME လုပ်ငန်းတွေနဲ့ မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက်
ရည်ရွယ်ထားပါတယ်။ ပုဂ္ဂလိကကို ဗဟိုပြုတဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးဆောင်ရွက်နေခြင်း
ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်စေ MSME လုပ်ငန်းတွေကို
အဓိကထားဆောင်ရွက်ကြရပါတယ်။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းတွေ
(MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေပြီး နိုင်ငံ့စီးပွားရေးပြန်လည်ဦးမော့လာစေဖို့
ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။
စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို
ကျင့်သုံးရာမှာ အသိပညာ၊ အတတ်ပညာနဲ့ ပြည့်စုံတဲ့လူသားအရင်းအမြစ်တွေပြည့်စုံဖို့ မဖြစ်မနေလိုအပ်ပြီး
နိုင်ငံမှာပညာတတ်တွေ ပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
အသိပညာ၊ အတတ်ပညာနဲ့ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှတဲ့ စိတ်ဓာတ်ကောင်းမွန်တဲ့ ပညာတတ်နိုင်ငံ့သားကောင်း
သမီးကောင်းရတနာမွန်တွေကို မွေးထုတ်သွားဖို့ လုပ်ဆောင်နေတာတွေ့ရပါတယ်။ မြေပေါ်မြေအောက်သယံဇာတပစ္စည်းတွေကို
ကုန်ကြမ်းအတိုင်းသာ ရောင်းချခြင်းမပြုဘဲ ကုန်ချောပစ္စည်းတွေအဖြစ် ထုတ်ကုန်တွေထုတ်လုပ်ပြီး
တင်ပို့ရောင်းချနိုင်မှ နိုင်ငံ့စီးပွားရေးဦးမော့လာမှာဖြစ်တာမို့ နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိပါတယ်။
မိသားစုတစ်စု စီးပွားရေးအင်အားတောင့်တင်းမှ၊
တစ်ဦးနဲ့တစ်ဦးညီညွတ်မှ၊ အသိပညာ၊ အတတ် ပညာတွေပြည့်စုံမှ၊ မိသားစုကိုသွေးထိုးဖျက်ဆီးလိုသူတွေရဲ့ရန်ကို
ကြိုတင်မှန်းဆထားနိုင်မှ၊ မိသားစုပြိုကွဲမယ့်ဘေးကနေ ကင်းဝေးမှာဆိုသလို မိသားစုတစ်စုနဲ့တူတဲ့
မိမိတို့နိုင်ငံမှာလည်း စီးပွားရေးအင်အားတောင့်တင်းမှ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေညီညွတ်မှ၊
အသိပညာ၊ အတတ်ပညာများပြည့်စုံမှ ပြည်ထောင်စုကြီးတည်တံ့ပြီး သူ့ကျွန်ဘဝပြန်လည်မကျရောက်မှာ
ဖြစ်ပါတယ်။
နိုင်ငံတွေရဲ့ အမျိုးသားရေးလက္ခဏာ ပြည်ထောင်စုတိုင်းရင်းသားတွေ
စုစည်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံသားတိုင်းရဲ့
အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးနဲ့ ထိန်းသိမ်းရေးဆိုတာ မျှတတဲ့အမျိုးသားရေးဖြစ်ပါ
တယ်။ ကမ္ဘာပေါ်မှာ စီးပွားရေးမညီမျှမှုတွေနဲ့ ရွှေ့ပြောင်းအခြေချမှုတွေကြောင့် နိုင်ငံတွေရဲ့အမျိုးသားရေးလက္ခဏာကို
ခြိမ်းခြောက်မှုတွေရှိလာပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကိုယ်ကျိုးစီးပွားကာကွယ်ရေးတွေကို
ပိုမိုလုပ်ဆောင်လာတာကြောင့် အင်အားနည်းတဲ့နိုင်ငံတွေဟာ ခေတ်ရဲ့သားကောင်ဖြစ်နေတဲ့ အခြေအနေနဲ့အချိန်ကာလမှာ
မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသားအကျိုးစီးပွားထိန်းသိမ်းကာကွယ်ရေးအတွက်
အမျိုးသားရေးစိတ်ဓာတ်တွေ၊ အမျိုးသားရေးခံယူချက်တွေ မြှင့်တင်ကြရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ (၇၅)နှစ်တာလွတ်လပ်ရေးရပြီး
ကာလအတွင်း ပန်းခင်းတဲ့လမ်းတွေကို လျှောက်လှမ်းရသလို ဆူးခင်းတဲ့လမ်းကြမ်းတွေလည်း ဒုနဲ့ဒေးဖြတ်သန်းခဲ့ရပါတယ်။
နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ဆီသွားရတဲ့ လမ်းတွေဘယ်လိုပဲကြမ်းပါစေ၊
လမ်းမချော်ဖို့တော့သတိရှိရပါမယ်။ ထိုလမ်းပေါ်မှ သွေဖည်သွားပါကသူ့ကျွန်ဘဝကို တစ်ဖန်ပြန်ပြီး
ကျရောက်သွားမှာဖြစ်ပါတယ်။ ရရှိထားတဲ့လွတ်လပ်ရေးအတွက် အသက်၊ သွေး၊ ချွေးမြောက်မြားစွာနဲ့ရင်းနှီးပေးဆပ်ပြီး
ရရှိထားတာဖြစ်လို့ လွတ်လပ်ရေးကိုမဆုံးရှုံး သွားရအောင် ထိန်းသိမ်းစောင့်ရှောက်ရမှာက
မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။
အခုကာလမှာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးနဲ့
နိုင်ငံရေးကိုဝင်ရောက်ကစားလိုသူ၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်သူများစွာရှိနေရာ လွတ်လပ်ရေးကို
ထိပါးမယ့်အန္တရာယ်ကို ရိပ်မိသိရှိပြီး လွတ်လပ်ရေးဆုံးရှုံးမယ့်ဘေးမှကင်းဝေးရအောင် နိုင်ငံအတွင်းနေထိုင်သူအားလုံးက
ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
No comments:
Post a Comment