Tuesday, January 3, 2023

မြန်ဂုဏ်၊ မာဂုဏ် မြင့်မားသော မြန်မာစိတ်ဓာတ်ကိုမွေးမြူ၍

 

နှစ်ပေါင်းထောင်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သည့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ဇာတိပုညဂုဏ်မာန တက်ကြွဖွယ်ရာများနှင့်အတူ သင်ခန်းစာယူဖွယ်၊ သံဝေဂရဖွယ်တို့လည်း များစွာရောပြွမ်းလျက်ရှိသည်။ ဧရာဝတီနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကြီးများကို အုပ်ချုပ်ရေးဗဟိုပြု၍ ဘေးမှဝန်းရံထားသော ပြည်ထောင်များနှင့် စုစည်းနေထိုင်ခဲ့သည့် ပြည်ထောင်စုပုံစံသည် ဗြိတိသျှတို့ ကျူးကျော်သိမ်းပိုက်ခြင်းမခံရမီအချိန်ကတည်းက တည်ရှိခဲ့သည့်ပုံစံဖြစ်ပြီး စည်းလုံးညီညွတ်သည့် ထိုအင်အားဖြင့် ပင်ပတ်ဝန်းကျင်နိုင်ငံများ၏ လေးစားခန့်ညားမှုကို ရရှိခဲ့ခြင်းဖြစ်သည်။

အင်းဝပြည့်ရှင် ဟံသာဝတီမင်းတရားကြီးလက်ထက် ဒုတိယကျော်အောင်စံထား ဆရာတော်ပြုစုသည့် ဝေါဟာရတ္ထ ပကာသနီကျမ်းတွင် “မြန်မာ”  ဟူသော ဝေါဟာရနှင့်စပ်လျဉ်း၍- မြန်မာသဒ္ဒါမှာ စစ်ချီစစ်တက်ခြင်းမှစ၍ ခက်ခဲသောအရေး အကြောင်းနှင့် တွေ့ဆုံကြုံကြိုက်သည့်အခါ ဤအရေးကိုပြီးစီးအောင်မြင်ရန် ဇဝနဉာဏ်၊ တင်္ခဏုပ္ပတ္တိဉာဏ်တို့ဖြင့် လျင်မြန်စွာကြံစည်တတ်သော သတ္တိဂုဏ်နှင့်ပြည့်စုံခြင်း တစ်ရပ်၊ မြန်မာသဒ္ဒါမှာ မည်သည့်အရာကိစ္စမဆို လိုရာဆန္ဒ အာသီသ နှလုံးသွင်းအတိုင်း ပေါက်မြောက်အောင် မလျှော့သောလုံ့လဝီရိယတို့ဖြင့် ဇာတိသွေး၊ ဇာတိမာန် ခက်ထန် တင်းမာသော စိတ်ရင်းသတ္တိဂုဏ် ပြည့်စုံခြင်းတစ်ရပ် ဤနှစ်ရပ်သော မြန်သဒ္ဒါ၊ မာသဒ္ဒါတို့ကို တုပ္ပုရိသ် သမာသ် တွဲ၍ မြန်မာဟုခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ဖွင့်ဆိုထားသည်။ တစ်နည်းအားဖြင့်ဆိုပါက မြန်မာနိုင်ငံတွင် နှစ်ကာလရှည်စွာ အစဉ်အဆက်ပျံ့နှံ့စွာ အတူတကွ အခြေစိုက်နေထိုင်ကြသော မြန်ဂုဏ်၊ မာဂုဏ်တို့နှင့် ပြည့်စုံကြသော တိုင်းရင်းသားလူမျိုး အားလုံးတို့မှာ “မြန်မာ” များ ဖြစ်ကြသည်။

ရှေးကာလ မြန်မာတို့ စည်းလုံးညီညွတ်မှုအားကောင်းသည့်ခေတ်တိုင်းတွင် နိုင်ငံ၏ဩဇာအာဏာမှာ ကျယ်ပြန့်စွာပျံ့နှံ့တည်ရှိခဲ့သည်ကို သမိုင်းတွင်တွေ့ရှိနိုင်ပြီး တောင်ပေါ် မြေပြန့်နေ မိမိတို့ဘိုးဘေးများ၏ ကျေးဇူးကြောင့်သာ အရှေ့တောင်အာရှကုန်းမြေပေါ်တွင် အကျယ်ဝန်းဆုံးသောနယ်နိမိတ်နှင့် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံနှင့် နိုင်ငံ သားများဘဝကို မိမိတို့ရရှိထားနိုင်ခြင်းဖြစ်သည်။ သို့ရာတွင် နယ်ချဲ့လက်အောက်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် မိမိတို့နိုင်ငံသည် မျှော်မှန်းသလောက်ခရီးမပေါက်။ အခြား လွတ်လပ်သည့်နိုင်ငံများ ခြေတစ်လှမ်းလှမ်းလျှင် မိမိတို့နိုင်ငံက လေး၊ ငါး၊ ဆယ်လှမ်း လှမ်းနိုင်ရမည်ဆိုသော်လည်း မလှမ်းနိုင်ခဲ့။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှ ရှေ့အနာဂတ်ကာလနှင့်စပ်လျဉ်း၍မူ “ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၇၅ နှစ်တာ ကာလအတွင်း နိုင်ငံနဲ့လူမျိုးအတွက် အကျိုးမပြုစေခဲ့တဲ့ အတွေးအခေါ်များနဲ့ လုပ်ဆောင်ချက်များကိုချန်ရစ်ခဲ့ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြုသဘောဆောင်ရွက်ချက်များကို “မြန်မာစိတ်” မွေးပြီးတော့ စည်းစည်းလုံးလုံးလုပ်ကိုင်သွားကြမယ်ဆိုရင် ကျွန်တော်တို့သွားချင်တဲ့ ပန်းတိုင်ကိုမလွဲမသွေ ရောက်ရှိမှာပဲဖြစ်ပါတယ်” ဟူသော နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားနှင့်အညီ မြန်ဂုဏ်၊ မာဂုဏ် မြင့်မားသော မြန်မာစိတ်ဓာတ်ဖြင့် မိမိတို့ရည်မှန်းသည့် ကမ္ဘာ့အလယ်ဝင့်ထည်နိုင်သော ပြည်ထောင်စုနိုင်ငံတော်ကြီးကို စည်းလုံးညီညွတ်စွာ တည်ဆောက်နိုင်ကြပါစေကြောင်း။  

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်

No comments:

Post a Comment