Tuesday, January 3, 2023

မင်္ဂလာရှိသောအခါသမယတွင် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုချီးမြှင့်

 

ထူးခြားလေးနက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယတွင် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ကျင့်သုံးဆောင်ရွက်ခြင်းဖြစ်သည်။ လွတ်လပ်ရေးနေ့ အခါသမယတွင် နှစ်စဉ်နှစ်တိုင်း ဘွဲ့ထူးဂုဏ်ထူးဆုတံဆိပ်များကို ချီးမြှင့်အပ်နှင်းလျက်ရှိပြီး ယခုနှစ်သည် လွတ်လပ်ရေးရရှိပြီးသည်မှာ (၇၅)နှစ်မြောက် ရောက်ရှိလာပြီဖြစ်၍ ယခင်နှင့်မတူ ထူးထူးကဲကဲ ချီးမြှင့်အပ်နှင်းခဲ့သည်ကို တွေ့ရသည်။

လွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် ပုဂ္ဂိုလ်များကိုသာမက နိုင်ငံတော်၏ အရေးအရာကိစ္စများနှင့် နိုင်ငံတော်၏တာဝန်များကို ကြိုးပမ်းထမ်းဆောင်ကြရာတွင် ခေတ်အဆက်ဆက် အမြင်တူခြင်း၊ မတူခြင်း၊ မူဝါဒကွဲပြားခြင်း၊ မကွဲပြားခြင်းတို့ကို အကြောင်းမခံဘဲ နိုင်ငံတော်အတွက်၊ လွတ်လပ်ရေးအတွက်၊ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့သည့်အတွက် သူမတူအောင် ကြိုးပမ်းထမ်းရွက်ခဲ့ကြသည့် ဘွဲ့ထူးဂုဏ်ထူးနှင့် ထိုက်တန်သူအားလုံးကို ဂုဏ်ပြုခြင်းသည် အလွန်ပင်ကျက်သရေမင်္ဂလာရှိလှပြီး တစ်မူထူးခြားသည့် လေးနက်မှုကိုဆောင်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယတွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ကြရာ၌ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ယနေ့အထိ အသက်ခန္ဓာနှင့် သွေးချွေးများပေးဆပ်ပြီး ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကဏ္ဍများတွင် ထူးခြားထက်မြက်စွာစွမ်းဆောင်နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့်စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းပြည်အကျိုးကို အများနှင့်မတူအောင် ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များအား ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အပြင် နိုင်ငံနှင့်လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာတီထွင်ဖန်တီးစွမ်းဆောင်နိုင်သည့်ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာတတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအားလုံးကို ယခုကဲ့သို့ မင်္ဂလာရှိပြီး ထူးခြားလေးနက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်အပ်နှင်းခဲ့သည့်အတွက် ဝမ်းမြောက်ပီတိ ဖြစ်ရပါသည်။

ယခုနှစ်တွင် ၂၀၂၂ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိခဲ့သူ ၇၄၄ ဦးကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ယခုနှစ်တွင် တစ်မူထူးခြားသည့် လေးနက်မှုအဖြစ် နိုင်ငံတော်အတွက် ကြမ်းတမ်းခက်ထန်သောခရီးလမ်းကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၏စွမ်းဆောင်မှုများကို နိုင်ငံတော်က သမိုင်းမော်ကွန်းတင် မှတ်ကျောက်တင်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများသည် ယခုအခါ မကျန်ရှိ သလောက်နည်းပါးသွားပြီဖြစ်သည်။ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်မယူနိုင်တော့သဖြင့် ကျန်ရှိသော သားစဉ်မြေးဆက်ကိုယ်စား ဆက်လက်ခံယူခွင့်ရသည်မှာ ဂုဏ်ယူစရာဖြစ်သည်။ မိမိတို့မိဘဘိုးဘွားများ နိုင်ငံတော်အတွက် ဆောင်ရွက်ခဲ့ကြသည့် ကြီးမြတ်သောဂုဏ်ကို ဆက်လက်စောင့်ထိန်းပေးခြင်းလည်း ဖြစ်ပေသည်။

သို့ဖြစ်ရာ ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်။ ဖြတ်သန်းခဲ့သော ဘဝတစ်လျှောက်တွင် တိုင်းပြည်အတွက် သက်စွန့်ကြိုးပမ်းထမ်းရွက်ခဲ့မှုများကို ပြန်လည်အသိအမှတ်ပြုဂုဏ်ပြုသောအားဖြင့် ထူးကဲသောဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ခြင်းကို ဂုဏ်ယူဝမ်းမြောက်ကြရမည်ဖြစ်သကဲ့သို့ အနာဂတ်ကာလတွင်လည်း နိုင်ငံတော်ကြီးရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် သားစဉ်မြေးဆက်လက်ဆင့်ကမ်းအမွေ ထမ်းဆောင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။  

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment