ဒီမိုကရေစီစနစ်သည် အများပြည်သူတို့၏ ဆန္ဒသဘောထားကို အလေးထားသောစနစ်ဖြစ်၍ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသည်။ နိုင်ငံတစ်နိုင်ငံအား ဦးစီးဦးဆောင် ပြုလုပ်မည့်ပုဂ္ဂိလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများအား မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးရွေးချယ်ထားသည့် ရလဒ်ပေါ်မူတည်၍ နိုင်ငံ့တာဝန်ကို ရယူဆောင်ရွက်ကြသည်။ ဒီမိုကရေစီ စနစ်သည် ပြည်သူများကိုယ်စား နိုင်ငံကိုတာဝန်ယူဆောင်ရွက်ရသည်ဖြစ်၍ လျော်ကန်သင့်မြတ် ကောင်းမွန်ပေသည်။
ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း
၁၉၃ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် ရွေးကောက်ပွဲဖြင့်
ဒီမိုကရေစီစနစ်ကို တည်ဆောက်နေကြသည်။ ဒီမိုကရေစီ ရွေးကောက်ပွဲစနစ်သည် နိုင်ငံတစ်နိုင်ငံအတွက်
အခြေခံအကျဆုံး အရေးအကြီးဆုံးနှင့် နိုင်ငံတော် အနာဂတ်ခရီးအတွက် အဆုံးအဖြတ်ပေးမည့်ကဏ္ဍဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/
ပြည်နယ်လွှတ်တော်တို့အတွက် လွှတ်တော်ကိုယ်စားလှယ် များကို မဲဆန္ဒရှင်ပြည်သူများက
၎င်းတို့၏ဆန္ဒနှင့်အညီ မဲပေးရွေးချယ် တင်မြှောက်နိုင်ရန် လွှတ်တော် ရွေးကောက်ပွဲများကို
လွှတ်တော်သက်တမ်း ငါးနှစ်လျှင်တစ်ကြိမ် တစ်နိုင်ငံလုံးတွင် ကျင်းပသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဥပဒေ ၁၃ ချက်နှင့်အညီ ဆောင်ရွက်ပေးရသည်ဖြစ်ရာ
အဓိကအားဖြင့် ရွေးကောက်ပွဲများ ကျင်းပပေးရန်၊ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီဆောင်ရွက်စေရေးအတွက်
ကြီးကြပ်ပေးရန်၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာများကို ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်း၍
စစ်ဆေးရန်အချက်များကို အလေးထားဆောင်ရွက်ကြရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲမတိုင်မီ
အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန် (နှောင်းပိုင်း)
ကာလဟူ၍ ကာလသုံးရပ်စလုံးတွင် ပြဋ္ဌာန်း ထားသော ဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့်
စနစ်တကျဆောင်ရွက်ပေးကြရသည်။
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင်
အဆိုပါကဏ္ဍသုံးရပ်သည် အရေးအကြီးဆုံးလုပ်ငန်းများ ဖြစ်ပြီး အဆိုပါလုပ်ငန်းများကို အချိန်အခါအလိုက်
စနစ်တကျမှန်ကန်စွာဖြင့် ဆောင်ရွက်ပေးနိုင်ပါက စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို
ရှေးဦးဖော်ဆောင်နိုင်ခြင်း ရောက်ပါသည်။ မတူ ကွဲပြားသည့် မဲဆန္ဒရှင်ပြည်သူအားလုံး၏ဆန္ဒကိုလည်း
ဖြည့်ဆည်း ပေးရာရောက်ပါသည်။ တိုင်းပြည်၏ ဒီမိုကရေစီအနာဂတ်ခရီးကို လျော်ကန်သင့်မြတ်ကောင်းမွန်စွာဖြင့်
ဖြောင့်တန်းစွာ လျှောက်လှမ်း နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လွှတ်တော်သက်တမ်းအလိုက်
ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို သုံးကြိမ်ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ပထမအကြိမ်နှင့်
ဒုတိယအကြိမ် ရွေးကောက်ပွဲတွင် အဆိုပါအချက်များကို စနစ်တကျအကောင်အထည်ဖော်ခဲ့သော်လည်း
တတိယအကြိမ် ၂၀၂၀ ရွေးကောက်ပွဲတွင် အဆိုပါအချက်များအား ဖောက်ဖျက်ခဲ့ပါသည်။
ရွေးကောက်ပွဲအကြို နိုင်ငံရေးပါတီများ
စည်းရုံးလှုပ်ရှားနေသည့်ကာလတွင် အာဏာရ နိုင်ငံရေး ပါတီကြီးသည် ရွေးကောက်ပွဲဆိုင်ရာ
ဥပဒေစည်းကမ်းများကို ဖောက်ဖျက်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက်
မဲစာရင်းများကောက်ယူရာတွင် အချက်အလက်များ မှားယွင်းခဲ့သည်ကိုတွေ့ရပြီး မရိုးမသားဆောင်ရွက်ထားမှုများရှိခဲ့သည်။
ရွေးကောက်ပွဲကာလတွင်လည်း မသမာမှုများပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲလွန်(နှောင်းပိုင်း) ကာလတွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍
ကန့်ကွက်မှုများကို ပွင့်လင်းမြင်သာစွာဖြင့် စစ်ဆေးပေးရန် ပျက်ကွက်ခဲ့သည်။ ထို့အပြင်
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို
ဖောက်ဖျက်ပြီး အဓမ္မအာဏာရယူရန်ကြိုးပမ်းခဲ့သဖြင့် စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို တည့်မတ်မှန်ကန်စွာ
ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် အချိုးအကွေ့ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ဖောက်ဖျက်ပြီး မသမာမှုများဖြစ်ပေါ်ခဲ့သည်ကို
သင်ခန်းစာယူ၍ လာမည့်ရွေးကောက်ပွဲတွင် တိကျ မှန်ကန်စွာဖြင့် စနစ်တကျဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်နေခြင်းသည်
နိုင်ငံတော်နှင့်ပြည်သူများ၏ အနာဂတ်အကျိုးစီးပွားအတွက်ဖြစ်သည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်
အကြီးအကဲ ပြောကြားခဲ့သည့်အတိုင်း ပြည်သူများအနေဖြင့် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊
ဖိအားပေးမှု ကင်းရှင်းစွာဖြင့် တစ်ဦးချင်းစီ၏ဆန္ဒကို ဖော်ထုတ်မဲပေးနိုင်ရေးနှင့် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ
ရွေးကောက်ပွဲကို မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်
ရမည်ဖြစ်သည်။
သို့ဖြစ်ရာ စစ်မှန်၍စည်းကမ်းပြည့်ဝသော
ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်
ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းလက်တွဲဆောင်ရွက်ကြပါရန်
မေတ္တာရပ်ခံတိုက်တွန်း အပ်ပါကြောင်း။ ။
No comments:
Post a Comment