မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှု ရာခိုင်နှုန်းကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ ၁ ရာခိုင်နှုန်း၏အောက်သို့ ရောက်ရှိနေသည်မှာ ရက်ပေါင်း ၆၀ နီးနီး ရှိနေပြီဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်နေသည့်အပြင် ထပ်မံထွက်ပေါ်လာသည့် အိုမီခရွန်၏ မျိုးကွဲသစ်ကလည်း လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့လျက်ရှိသည့်အတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း ကူးစက်မှုများ မြင့်တက်မလာစေရေး အထူးဂရုပြုရန် လိုအပ်လာသည်။
ကမ္ဘာ့စီးပွားရေးထိပ်တန်း အင်အားကြီးနိုင်ငံများတွင်
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ မြင့်တက်နေ့သည့် သတင်းများကို ယခုရက်ပိုင်းအတွင်း
နိုင်ငံတကာသတင်းများတွင် တွေ့မြင်ရသည်။ အမေရိကန် ပြည်ထောင်စုတွင် အိုမီခရွန်မျိုးကွဲသစ်
XBB.1.5 သည် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိပြီး ဆိုးရွားသည့်
နောက်ထပ်ကူးစက်မှုလှိုင်း ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည့်အပြင် ကမ္ဘာအနှံ့သို့လည်း
လျင်မြန်သည့်နှုန်းဖြင့် ကူးစက်သွားနိုင်သည်ဟု ခန့်မှန်းလျက်ရှိသည်။ ဂျပန်နိုင်ငံတွင်လည်း
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရှစ်ကြိမ်မြောက် လှိုင်းနှင့် ကြုံတွေ့နေရပြီး
ရောဂါကြောင့် နေ့စဉ်သေဆုံးသူဦးရေ ၄၀၀ ကျော်ရှိကြောင်းနှင့် သေဆုံးသူ စံချိန်တင်များပြားလာကြောင်း
သတင်းမှာလည်း မယုံနိုင်စရာပင် ဖြစ်သည်။ တစ်ဆက်တည်းမှာပင် မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်ပြီး
နယ်စပ်ကုန်သွယ်မှုပမာဏ အကြီးဆုံး နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်လည်း
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ပြန်လည် မြင့်တက်နေကြောင်း
သတင်းကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်မစတင်နိုင်သေး သည်မှာလည်း သတိပြုဖွယ်ဖြစ်သည်။
အထူးသဖြင့် ကမ္ဘာပေါ်တွင် စီးပွားရေးအင်အား ထိပ်ဆုံး နိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများက မြန်မာနိုင်ငံကဲ့သို့သော အားနည်းသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့်
ရောဂါကူးစက်မှု ၁ ရာခိုင်နှုန်းအောက် လျော့ကျနေခြင်းအပေါ်တွင် စိတ်ချ ပေါ့လျော့မနေရန်
တပ်လှန့်နေခြင်းပင်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင်
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေ အရပ်ရပ်နှင့် စပ်လျဉ်း၍ မီဒီယာနည်းလမ်းများဖြင့်
နေ့စဉ်ထုတ်ပြန်အသိပေးလျက်ရှိသည့် အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု
ခံယူရေး၊ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံမှုခံယူရေးတို့ အတွက်လည်း စဉ်ဆက်မပြတ် ဆော်ဩလျက်ရှိသည်။
စတင်ဖြစ်ပေါ်လာချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇကွဲများတစ်မျိုးပြီးတစ်မျိုး
ပြောင်းလဲပြီး ဆက်လက်ကူးစက် ပျံ့နှံ့နေခြင်းဖြစ်ရာ နေထိုင်မှုပုံစံသစ်(New
Normal) နည်းလမ်းကိုကျင့်သုံး၍ ဆက်လက်နေထိုင် သွားကြရဦးမည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း နေ့စဉ် ၁ ရာခိုင်နှုန်းအောက်တွင် ရောက်ရှိ နေခြင်းနှင့်
ရောဂါကြောင့် အသေအပျောက်မရှိခြင်းတို့သည် ကျေနပ်ဖွယ်ရာဖြစ်သော်လည်း ပြည်ပမှဝင်ရောက်
လာနိုင်ဖွယ်ရှိသည့် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်များနှင့် ကူးစက်ပျံ့နှံ့မှုလှိုင်းများမှ
လွတ်ကင်းနိုင်ရေး အတွက် ကာကွယ်ဆေးများထိုးနှံမှုခံယူခြင်းနှင့် နေထိုင်မှုပုံစံသစ်
(New Normal) နည်းလမ်း လိုက်နာခြင်းတို့ကို အလေးအနက်ကျင့်သုံးကြစေရေး
အကျိုးမျှော်ကာ နှိုးဆော်အပ်ပါကြောင်း။ ။

No comments:
Post a Comment