ဒေါက်တာနန္ဒာမွှန်း၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန
တွေ့ရှိရာအစ အိုင်ယာလန်စာတမ်းဖတ်ပွဲက
အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ရှိ ဒပ်ဘလင်တက္ကသိုလ်ကကြီးမှူး၍ အရှေ့တောင်အာရှ ရှေးဟောင်းသုတေသန ပညာရှင်များဆိုင်ရာ ဥရောပအသင်း၏ (၁၄) ကြိမ်မြောက် နိုင်ငံတကာစာတမ်း ဖတ်ပွဲ (European Association of Southeast Asian Archaeologists Conference 14th International EurASEAA14)ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈-၂၁ ရက်နေ့အထိ ကျင်းပခဲ့ရာသို့ သမိုင်းသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အနေဖြင့် သုတေသနစာတမ်းတစ်စောင် သွားရောက် ဖတ်ကြားခဲ့ပါသည်။ မိမိစာတမ်းမှာ ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနသုံးခုနှင့် သုတေသနဆောင်ရွက်နေကြသော လုပ်ငန်းများအပေါ် လေ့လာသုံးသပ်သော စာတမ်းဖြစ်ပါသည်။ ဖတ်ကြားရသော ဒပ်ဘလင်တက္ကသိုလ်ကလည်း ဒပ်ဘလင်နန်းတော်ဟောင်းနေရာတွင်ပင်ဖြစ်ပါသည်။ အိုင်ယာလန်နိုင်ငံသံရုံးမရှိသောကြောင့် ပြည်ဝင်ခွင့်ဗီဇာရရှိရေးအတွက် ထိုင်းနိုင်ငံဘန်ကောက်သို့ နိုင်ငံကူးလက်မှတ်ပေးပို့ယူရခြင်း၊ transit ပြုလုပ်ရန် ဗြိတိသျှသံရုံးဗီဇာလျှောက်ထားရခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရပါသည်။
ရှေးဟောင်းသုတေသန ပညာရှင်များဆိုင်ရာ ဥရောပအသင်း၏ နိုင်ငံတကာစာတမ်းဖတ်ပွဲမှာ နှစ်နှစ်တစ်ကြိမ် ဥရောပနိုင်ငံများတွင် အလှည့်ကျကျင်းပလေ့ရှိသော စာတမ်းဖတ်ပွဲဖြစ်ပြီး အာရှတိုက်မှ ပညာရှင်အများစု၏ လေ့လာတွေ့ရှိချက်နှင့် ပတ်သက်သောစာတမ်းများကို ဦးစားပေးလေ့ရှိပါသည်။ ရှေးဟောင်း သုတေသနပညာရှင်များ ဆိုင်ရာဟုဆိုသော်လည်း အတွေးအခေါ်ပညာရှင်များ၊ လူမျိုးနှင့် ယဉ်ကျေးမှုသရုပ်ခွဲမှုဆိုင်ရာ ပညာရှင်များ၊ သမိုင်းဆိုင်ရာ ရှေးဟောင်းသုတေသီများ၊ လူမျိုးဘာသာများဆိုင်ရာသုတေသီများ၊ စကားဆက်စပ်မှုများကို လေ့လာသောအတွေးအခေါ်ပညာရှင်များ၊ အာရှတိုက်ဆိုင်ရာအနုပညာများ လေ့လာသူများနှင့် ရှေးဟောင်းသုတေသနပညာရှင်များ၊ EurASEAA အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
နိုင်ငံတကာဆွေးနွေးပွဲများ ကျင်းပသည့်ကြိုးပမ်းချက်မှာ ဥရောပတိုက်အတွင်း အရှေ့တောင်အာရှ ရှေးဟောင်းသုတေသနပညာနယ်ပယ်သာမက အရှေ့တောင်အာရှ ပညာရှင်များအကြားပါ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်မှုများတွင် မြှင့်တင်ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်အရှေ့တောင်အာရှ ရှေးဟောင်းသုတေသနပညာရှင်များဆိုင်ရာ ဥရောပအသင်း၏ (၁၄)ကြိမ်မြောက် နိုင်ငံတကာ စာတမ်းဖတ်ပွဲ( European Association of Southeast Asian Archaeologists 14th International Conference EurASEAA14) ကို theme နှစ်ခုဖြစ်သော Ancient and Living Traditions & Material Culture and Heritage တို့ဖြင့် ကျင်းပခဲ့ပါသည်။
ဒပ်ဘလင်နန်းတော်ဝင်းက ချက်စတာဘက်တီ စာကြည့်တိုက်
အဆိုပါစာတမ်းဖတ်ပွဲမှာ ကျယ်ဝန်းလှသော ဒပ်ဘလင်နန်းတော်ဟောင်းနေရာတွင်ဖြစ်ပြီး လှပသောပန်းခြံကြီးများကိုပါ ထိန်းသိမ်းထားသောနေရာလည်းဖြစ်ပါသည်။ အဆိုပါပန်းဥယျာဉ်နှင့်ကပ်လျက်တွင် ရှေးဟောင်းစာကြည့်တိုက်တစ်ခု ဖွင့်လှစ်ထားပါသည်။ အဆိုပါစာကြည့်တိုက်တည်ထောင်သူ Sir Alfred Chester Beatty (1875-1968) ဆိုသူမှာ အမေရိကန်လူမျိုး သတ္တုမိုင်းသူဌေးတစ်ဦးဖြစ်ပြီး အလှူအတန်းရက်ရောသူတစ်ဦး ဖြစ်ပါသည်။ သူသည် စာအုပ်စာပေ၊ ရှေးဟောင်းကျမ်းဂန်များကို စုဆောင်းတတ်သူတစ်ဦးလည်းဖြစ်ပါသည်။ ကမ္ဘာအနှံ့ရောက်ရှိသည့် နေရာတိုင်းတွင် စာပေအမျိုးမျိုးကို စုဆောင်းတတ်သူဖြစ်ပါသည်။ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့တွင် စာကြည့်တိုက်တစ်ခုကို ၁၉၅၀ပြည့် နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ချက်စတာဘက်တီ စာကြည့်တိုက်အဖြစ် အသိများကြပါသည်။ မူလက ပြတိုက်နှင့် စာကြည့်တိုက်အဖြစ် ရည်ရွယ်ဖွင့်လှစ်ခဲ့သည်ဟုသိရပါသည်။ စာအုပ်ပေါင်း ၂၅၀၀၀ ခန့်ရှိပြီး အရှေ့အာရှ၊ အစ္စလာမ်နိုင်ငံများ၊ အနောက်နိုင်ငံများနှင့် ပါရှားတို့မှ စာပေ အမြောက်အမြားတို့ကို စုဆောင်းထားရှိပါသည်။ သေဆုံးသွားကြသူ အီဂျစ်များအကြောင်း စာအုပ်များသာမက တရုတ်နိုင်ငံ၏ သစ်သားတုံး ပုံနှိပ်ဘလောက်များအထိ လူသားတို့၏ တီထွင်ကြံဆ ထားချက်များ ကြွယ်ဝစွာသိမ်းဆည်းစုဆောင်းထားရှိသည်ကို သိရှိရပါသည်။
ချက်စတာဘက်တီစာကြည့်တိုက်သို့ လေ့လာရန်ရောက်ရှိခဲ့မှု
မိမိတက်ရောက်နေသော အရှေ့တောင်အာရှ ရှေးဟောင်းသုတေသန ပညာရှင်များဆိုင်ရာ ဥရောပအသင်း၏ (၁၄) ကြိမ်မြောက် နိုင်ငံတကာစာတမ်း ဖတ်ပွဲကျင်းပနေစဉ်တစ်ရက်တွင် နေ့လယ်ဘက်နားချိန်တစ်ခု၌ စာတမ်းဖတ်ပွဲတက်ရောက်လာသူ British Museum မှ Curator Ms. Alexandra Green နှင့် SEAMEO SPAFA မှ Director Dr. M.R. Rujaya Abhakorn တို့က Chester Beatty စာကြည့်တိုက်သို့ သွားရောက်ကြမည်ဆိုသောကြောင့် မိမိလည်းစာကြည့်တိုက်မှူးနှင့် မသိသော်လည်းမိတ်ဆက်ကာ သွားရောက်ခဲ့ပါသည်။
စာကြည့်တိုက်အောက်ထပ် မြေညီထပ်တွင် ကော်ဖီဆိုင်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်တို့အပြင် ရေကန် ငယ်လေးတစ်ခုနှင့် ရေပန်းများ၊ အခြား ခင်းကျင်းပြသထားမှုများကို စိတ်ဝင်စားဖွယ်တွေ့ရှိရပြီး စာကြည့်တိုက်ရှိအခန်းများ ဖွဲ့စည်းထားပုံကိုပါပြသထားပါသည်။ မိမိတို့သွားရောက်လေ့လာရာ Reference Room မှာ အပေါ်ထပ်တွင် ဖြစ်ပြီး အခန်းအဆင့်ဆင့်ကို လျှို့ဝှက် နံပါတ်စနစ်ဖြင့်သာ ဝင်ခွင့်ရသော ခေတ်မီတံခါးများဖြင့် တပ်ဆင်ထားပြီး သတ်မှတ်ထားသူများသာ ဝင်ထွက်နိုင် ပါသည်။ မိမိတို့တွင် ပါလာသော လက်ကိုင်တယ်လီဖုန်းများ၊ ကင်မရာများလုံးဝ ယူဆောင်ခွင့်မပြုပါ။
စာကြည့်တိုက်မှူးက မိမိကို မြန်မာနိုင်ငံမှလာရောက်သောအဆင့်မြင့် အရာရှိကြီးတစ်ဦးဖြစ်၍ စာကြည့်တိုက် ပိုင်စာရင်းကို ပြသရာ မြန်မာနှင့်ဆိုင်သော ပုရပိုက်နှစ်ခုရှိကြောင်း တွေ့ရပါသည်။ Catalogue of Burmese Manuscripts နှင့် Pali Burmese Parabeiko တို့အနက် Catalogue of Burmese Manuscript အောက်တွင် ဖော်ပြထားသော List of the Queens of Pagan Min ကို ဖတ်ရှုလိုပါကြောင်းပြော၍ သိမ်းဆည်းထားရာအခန်းမှ အဆင့်ဆင့် ထုပ်ပိုးထားသောပုရပိုက်ကို သတ်မှတ်ထားသော ကြည့်ရှုရန်စားပွဲနေရာပေါ်တွင် တင်ပေးပါသည်။ ပုရပိုက်ကို လက်အိတ်များစွပ်ပြီးမှသာ ကိုင်တွယ်ကြည့်ရှုရပါသည်။ မှတ်သားလိုသည်များရှိက မှတ်သားရန် စာရွက်နှင့် ခဲတံတစ်ချောင်းချပေးထားပါသည်။
ရှားပါးပုရပိုက်-ပုဂံမင်း၏ဥကင်တော်ဖွင့် အခမ်းအနားမှတ်တမ်း
အဆိုပါပုရပိုက်ကို ၁၂၀၈ ခုနှစ် နတ်တော်လဆန်း ၁၄ ရက် (အင်္ဂလိပ်လို ၁၈၄၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့) ရေးထိုးထားခဲ့ကြောင်း တွေ့ရှိရပါသည်။ ဗြိတိသျှပြတိုက် စာကြည့်တိုက်က လွှဲပြောင်းရယူခဲ့သည်ဟု သိရပါသည်။ အစအဆုံး ဖတ်ရှုလေ့လာကြည့်ရာ ပုရပိုက်မှာ ပုဂံမင်း၏ မိဖုရားစာရင်း မဟုတ်ပါ၊ ပုဂံမင်း၏ ဥကင်တော် အခမ်းအနားကျင်းပပုံကို အသေးစိတ်မှတ်တမ်း တင်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
ထိုသို့ ရှင်းပြပြောဆိုသောကြောင့် စာကြည့်တိုက်မှူးက ပုရပိုက်အကြောင်း အကျဉ်းရေးပေးရန် အကူအညီတောင်းခံ ၍ မိမိလက်ရေးဖြင့် Royal Obeisance Ceremony of Bagan King ကို အင်္ဂလိပ် လို စာမျက်နှာတစ်မျက်နှာခန့် ရေးသားပြုစုပေးခဲ့ရပါသည်။ စာကြည့်တိုက်က အဆိုပါပြုစုပေးချက်ကို နောင်တွင် အသုံးပြုသွားမည်ဟု သိရပါသည်။ အခါကြီးရက်ကြီးများနှင့် ဝါဝင်ဝါထွက်တို့တွင် နေ့၊ ရက်၊ အချိန် သတ်မှတ်ပြီးနန်းတက်သည့်ဘုရင်ကို ကန်တော့ကြရာတွင် လက်ဆောင်ပဏ္ဏာများကို ဆက်သကြရသည်။ ထီးနန်းဥကင်တော်ဖွင့်သည်ဟု ခေါ်ဆိုကြပြီး နန်းတွင်းတွင် အစဉ်အလာအတိုင်း ကျင်းပလေ့ရှိပါသည်။
မြန်မာဘုရင်တို့သည် အခမ်းအနားကို ရှေးရိုးအစဉ်အလာအတိုင်း ဆောင်ရွက်ကြသည်ကို ကောင်းစွာမှတ်တမ်း တင်ထားကြသည်။ ဥကင်တော်ဖွင့်အခမ်းအနားကို သုံးရက်ဆက်တိုက် ဆောင်ရွက်လေ့ရှိကြောင်းနှင့် ဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို အင်ရုံရွာစားကြီးဝန်ကြီး သီရိဥဇနာ စီရင်ရေးသားခဲ့သည့် လောကဗျူဟာကျမ်းတွင် မှတ်တမ်းတင်ထားခဲ့သည်ကို မှတ်သားသိရှိရပါသည်။ အဆိုပါကျမ်းကို သက္ကရာဇ် ၁၁၁၅ ခုနှစ် ဝန်းကျင်ကရေးသားပြုစုခဲ့ကြောင်း၊ ရှေးမြန်မာဘုရင်တို့၏ အခမ်းအနားအဆောင်အယောင်များ အစီအရင်များအကြောင်း၊ ရာသီပွဲတော်များ ကျင်းပပုံများကို ပထမတွဲမှ နဝမတွဲအထိ ပြုစုထားသည်ကို လေ့လာတွေ့ရှိရပေသည်။
(ပုရပိုက်၏ အပေါ်ဖုံး)
(ဇာစ်မြစ် - ချက်စတာဘက်တီ စာကြည့်တိုက်၊ အိုင်ယာလန်နိုင်ငံ)
(မှတ်ချက်။ ၂၀၂၂ ခုနှစ်အတွင်း စိုထိုင်းဆကြောင့် ပြန်လည်ထိန်းချုပ် ပြုပြင် ထိန်းသိမ်းပေးနေရသည်ဟုသိရ)
အဆိုပါ ပုရပိုက်ကို ဖတ်ရှုလေ့လာရ သဖြင့် ရှေးမြန်မာမင်းတို့၏ အခမ်းအနား အတွက် ပြင်ဆင်ကြပုံ၊ဆောင်ရွက်ရသည်များကို အစဉ်အလာအတိုင်း လုပ်ကိုင်ပုံ၊နေရာချထားပုံ၊ ဘွဲ့ပေးပုံ၊ အခမ်းအနားအစီအစဉ်အတိုင်း မှတ်တမ်းတင်ထားခြင်းကို အသေးစိတ်လေ့လာနိုင်ပါသည်။ ကျင်းပရပုံတို့ကို ထူးခြားသည့်အချက်တစ်ချက်မှာ အခမ်း အနားအစီအစဉ်အတွက် တာဝန်ယူ ရသူအသီးသီးမှာ မင်းညီမင်းသား၊ မှူးတော် မတ်တော်များကအစ အိမ်ထောင်သည်ဖြစ်ပါက ငယ်လင်ငယ်မယားဖြစ်ရန်၊ မယား၊ သားသမီးပြည့်စုံသောသူ၊ အမည်ကောင်းသူဖြစ်ရန် အဆင့်ဆင့်တွင် သတ်မှတ်ထားသည်ကို ကြည့်ပါက မင်္ဂလာယူသည့်အခမ်းအနား တွင် မင်္ဂလာရှိစေမည့် ထုံးတမ်းကိုသာ အလေးထားသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ယင်းစာကြည့်တိုက်က ထိန်းသိမ်းထားသော ရတနာပုံရွှေနန်းတော်မှ ပန်းချီဆရာတစ်ဦး၏ ဆေးရောင်ဖြင့် နန်းတွင်းအခမ်းအနားတချို့နှင့် အသုံးအဆောင်ပုံများမှာလည်း မူရင်းကိုမတွေ့ခဲ့ရသော်လည်း ကွန်ပျူတာတွင် သိမ်းဆည်းထားမှုများကို ကြည့်ခွင့်ရရှိခဲ့ပါသည်။ အလွန်ကောင်းမွန်သော ရှေးလက်ရာများ မပျောက်မပျက်တွေ့ရှိခွင့်ရခဲ့ပါသည်။ အရောင်များ ခြယ်သပုံ၊ နန်းတွင်းအသုံးအဆောင်နှင့် နန်းတွင်းအခမ်းအနားတချို့ကို ပန်းချီဖြင့် မှတ်တမ်းတင်ထားသဖြင့် အလွန်တန်ဖိုး ရှိလှပါသည်။
ဤဆောင်းပါးကိုရေးသားရခြင်းမှာ အဆိုပါပုရပိုက်ကို မြန်မာနိုင်ငံနှင့် ဝေးလံလှသောအရပ်ဒေသသို့ ယူဆောင်သွား ကြလင့်ကစား စာပေတန်ဖိုးကို လေးစား စာကြည့်တိုက်ကန့်သတ်ချက်များကာနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားခြင်းကို အလေးပေးဖော်ပြလိုခြင်းကြောင့်သာ ဖြစ်ပါသည်။ တာဝန်နှင့်သွားရောက်သော ခရီးစဉ်အတွင်း လေ့လာခဲ့ရသည်မှာလည်း ကြုံဆုံရခဲသော အတွေ့အကြုံတစ်ခုပါပေ။
ကိုးကား
(၁) လောကဗျူဟာကျမ်း(အင်ရုံစာတမ်း)
(၂) https://chesterbeatty.ie
No comments:
Post a Comment