Friday, December 30, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပမှုရှိနေစေရေးအတွက် လုပ်ငန်းရှင်များ၊ တာဝန်ခံများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၃၀

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ်၌ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ တာဝန်ခံများ၊ အထွေထွေ မန်နေဂျာများနှင့် ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မမြို့တော် ဖြစ်ကာ မြို့တည်ဆောက်ခဲ့စဉ်က မြို့ပြစီမံကိန်းများနှင့်အညီ စနစ်တကျ အကွက်ချ တည်ဆောက်ထားခဲ့ပါကြောင်း၊ ယင်းအပြင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင်လည်း ဟိုတယ်ဇုန်များ၊ ခရီးသွား ဆွဲဆောင်ရာနေရာများနှင့် အပန်းဖြေအနားယူနိုင်မည့်နေရာများကို စနစ်တကျသတ်မှတ် အကောင်အထည်ဖော်ထားရှိခဲ့ပါကြောင်း၊ နေပြည်တော်သို့လာရောက်မည့် နိုင်ငံတကာမှ အကြီးအကဲများ၊ သံတမန်များနှင့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးစွမ်းနိုင်ရန် ဟိုတယ်အနည်းငယ်ဖြင့်သာ စတင်ခဲ့ရာမှ ယနေ့အချိန်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ကိုးဆယ့်ကိုးလုံးနှင့် အခန်းပေါင်း ခြောက်ထောင်ကျော် ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊ နေပြည်တော်၌ နိုင်ငံတကာအခမ်းအနားများ၊ အစည်းအဝေးများ လက်ခံကျင်းပခြင်းသာမက နိုင်ငံတော်အဆင့် အခမ်းအနားများကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံခြားသံတမန်များကို ဖိတ်ကြားကာ အဆင့်အတန်းမီစွာ ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အတွက် ဟိုတယ်များအနေဖြင့် နိုင်ငံတကာအဆင့်မီဟိုတယ်များဖြစ်နေရန် အရေးကြီး ပါကြောင်း၊ ပထဝီဝင်အနေအထားအရ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အလယ်ဗဟို၌ တည်ရှိနေသည့်အတွက် ခရီးသွားဧည့်သည်များအနေဖြင့် အခြားခရီးစဉ်ဒေသများသို့ သွားရောက်ရာတွင် အချိန်တိုတိုဖြင့် ရောက်ရှိနိုင်သော အားသာချက်များရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ရှိနေသည့်အတွက် ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်သော အလားအလာများ ရှိသည့်အတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေးအတွက် ဂရုပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

နေပြည်တော်ရှိ ဟိုတယ်အချို့သည် လာရောက်တည်းခိုမည့် ဧည့်သည်များကို ကိုယ်တိုင် ကိုယ်ကျ ကျွေးမွေးဧည့်ခံနိုင်ရန် ဟိုတယ်တွင်း၌ အော်ဂဲနစ်စိုက်ခင်းများ၊ စိုက်ပျိုးရေးခြံများ တစ်နိုင်တစ်ပိုင် ဆောင်ရွက် ထားရှိသည့်အတွက် ကျန်ဟိုတယ်များအနေဖြင့်လည်း လိုက်ပါ ဆောင်ရွက်နိုင်ရေး ကြိုးစားသွားကြ စေလိုပါကြောင်း၊ ဟိုတယ်များအနေနှင့် ဧည့်သည်များ နေထိုင်ချင်စဖွယ်၊ လည်ပတ်ချင်စဖွယ်ဖြစ်အောင် သန့်ရှင်းသာယာလှပရေး၊ ဝတ်စားဆင်ယင်မှု၊ ဝန်ဆောင်မှုတို့ကို ကောင်းမွန်အောင် ပြင်ဆင်သွားကြရန် လိုအပ်ပါကြောင်း၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရာတွင် အတွင်းအပြင် ပရဝုဏ်များသာမက မြေထိန်းနံရံများ ယိုယွင်းပျက်ဆီးနေမှုများကိုပါ ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ နေပြည်တော်ရှိ ဟိုတယ်များ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပမှုရှိနေစေရေးအတွက် Campaign ပုံစံချမှတ် လုပ်ဆောင်ကြရန်လိုအပ်သဖြင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များက ဟိုတယ်များအလိုက် သန့်ရှင်း သပ်ရပ်သာယာလှပရေး၊ အပင်များအလင်းဖွင့်ထားရေးနှင့် ခြုံနွယ်များရှင်းလင်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် ညအချိန်ရောင်စုံမီးလုံးများ ထွန်းလင်းထားရှိရေးနှင့် ဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာသီရိဟိုတယ်၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထားရှိသော အော်ဂဲနစ် စိုက်ခင်းသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment