ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)
(ယမန်နေ့မှအဆက်)
အခြေအနေ (၃)
လွတ်လပ်ခြင်းသဘောမှန်၊ အဓိပ္ပာယ်မှန်ကို မသိသောသူသည် တစ်မျိုးတစ်မည် နားလည်နေ လေသည်။ လွတ်လပ်ခြင်းရအောင် စည်းမဲ့ကမ်းမဲ့ လုပ်ရသည်၊ သို့မဟုတ် စည်းမဲ့ကမ်းမဲ့ပြုလုပ် နိုင်ခြင်းသည် လွတ်လပ်ခြင်း ဖြစ်သည်ဟူ၍ နားလည်နေလေသည်။ သို့အတွက် လွတ်လပ်ရေး ရရှိသောအခါ စည်းမဲ့ကမ်းမဲ့ပြုလုပ် နိုင်တော့ပြီဟု ထင်မှတ်နေသည့်အတိုင်း စည်းမဲ့ကမ်းမဲ့ ဆက်လက် ပြုလုပ်နေကြခြင်းဖြစ်သည်။
လွတ်လပ်ရေး၏သဘောကို မှန်ကန်စွာသိရှိ၍ ထိုသဘောအတိုင်း ပေါင်းသင်းဆက်ဆံနေထိုင် ခြင်းကို မပြုသမျှကာလပတ်လုံး၊ အခြေအနေသည် တိုးတက်လိမ့်မည်မဟုတ်။ အများသော လူထုသည် ထင်ရာလုပ်နိုင်ခြင်းကို လွတ်လပ်ခြင်းဟူ၍ ထင်မှား နေသမျှကာလပတ်လုံး မည်သူမျှလွတ်လပ်ခြင်းမရှိဘဲ လွတ်လပ်ခြင်း၏အရသာကို ခံစားကြရမည် မဟုတ်ပေ။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက် နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည် ဂျီနီဗာလက်နက် ဖျက်သိမ်းရေးညီလာခံ၏ အဖွဲ့ဝင်နိုင်ငံ အဖြစ် ၁၉၆၂ ခုနှစ်ကပင် ပါဝင်ခဲ့ပြီး ယင်းညီလာခံ၏ နှစ်စဉ်ညီလာခံများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပုံမှန်တက်ရောက်ခဲ့သည်။
အခြေအနေ (၄)
လွတ်လပ်ရေးရပြီး ၁၀ နှစ်သို့ ရောက်သော် ဖဆပလအဖွဲ့၏ တတိယအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာ စည်းဝေးပွဲတွင် သဘောကွဲလွဲမှုပို၍ ထင်ရှားခဲ့သည်။ “နုတင် သန့်ရှင်းဖဆပလ၊ ဆွေငြိမ်းတည်မြဲဖဆပလ” အုပ်စုနှစ်ခုသည် အစိုးရအဖွဲ့ကို ကြိုးကိုင်နိုင်ရန် နှစ်ဖက်စလုံးကြိုးစားခဲ့သည့် ပုံရိပ်ရှိခဲ့သည်။ ဖဆပလ အုပ်စုနှစ်စုကွဲသွားခြင်းသည် ပြည်သူလူထုအတွင်း စိတ်ဝမ်းကွဲမှု သက်ရောက်ခဲ့ရာ နိုင်ငံအတွက် ဒဏ်ရာကျန်ခဲ့သည်။
“နိုင်ငံရေးပါတီများအနေဖြင့် အများနှင့်ဆိုင်သော အကောင်းဆုံးစံများကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထား သင့်ကြသည်။ အမျိုးသားကောင်းစားရေးအတွက် ပြင်းပြသောစိတ်ဖြင့် ဆောင်ရွက်လျှင် နှစ်အနည်းငယ်အတွင်း အောင်မြင်နိုင်ကြောင်း ဂျပန်ကလက်တွေ့ပြခဲ့ပြီ၊ အမျိုးသား စည်းလုံးညီညွတ်မှုကို အိပ်မက်မဖြစ်ပါစေနှင့်” ဆိုတဲ့အကြောင်း ဂန္ထလောကမဂ္ဂဇင်းဆောင်းပါးပါ ဦးသန့်ရဲ့ထောက်ပြချက်ကို “မောင်ရွှေခေတ်ရေး ဦးသန့်၏အတွေ့အကြုံများ” စာအုပ်တွင် ဖတ်ရှုရပါသည်။
ဖဆပလခေတ်တွင် နိုင်ငံရေးတည်ငြိမ်မှုကင်းမဲ့ခဲ့ရသည်။ ဖဆပလအဖွဲ့သည် စိတ်ဝမ်းကွဲ၊ သွေးကွဲ တစ်တပ်တစ်ဗိုလ် ဖြစ်သွားခဲ့သည်။ တိုးတက်မှုလမ်းကြောင်းမှ ချော်ခဲ့ရသည်။ ဝန်ကြီးချုပ်ဦးနုက မိမိရာထူးမှနုတ်ထွက်၍ ဗိုလ်ချုပ်ကြီး နေဝင်းအား အုပ်ချုပ်ရေးအာဏာလွှဲအပ်ကြောင်း ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကြေညာလေသည်။
ထို့နောက် အိမ်စောင့်အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာရှိသည့် ပုဂ္ဂိုလ်ကြီး (၁၄) ဦးဖြင့်ဖွဲ့ကာ လုပ်ငန်းစဉ်လေးရပ် ချမှတ်ဆောင်ရွက်ခဲ့သည်တို့မှာ မျက်မှောက်ကာလဖြစ်စဉ်နှင့် တူပေသည်။ ထူးခြားသည်မှာ စိန်ရတုကာလသို့ ချဉ်းနင်းရောက်သည့်နှစ်ဝယ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်နေမှုကို တွေ့မြင်ရသည်။ ပြည်တွင်း၊ ပြည်ပပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးလျက်ရှိသည်ကို တွေ့ရသည်။
အခြေအနေ (၅)
လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ တိုးပွားမှု၊ ကျဆင်းမှုတို့သည်လည်း ထိုလူ့အဖွဲ့အစည်း၊ ထိုတိုင်းပြည်၏ ဉာဏ်၊ ဝီရိယနှင့် စည်းလုံးညီညွတ်မှုပေါ်တွင် ပဓာနအားဖြင့် တည်နေပုံကို လယ်တီဆရာတော်က -
“…. တစ်ယောက်၏ ဉာဏ်၊ ဝီရိယသည် အားရှိသလောက် အကျိုးကိုဖြစ်ထွန်းစေနိုင်သည်။ ထို့ထက် နှစ်ယောက်ညီလာသော ဉာဏ်ဝီရိယသည် အားများစွာပါနေသည်။ ထိုထက် သုံးယောက်ညီလာ သော ဉာဏ်ဝီရိယ၊ ထိုထက်လေးယောက်၊ ထိုထက် ငါးယောက်၊ တစ်ကျိပ်၊ တစ်ရာ၊ တစ်ထောင် စသည်ဖြင့် အများညီညွတ်သော ဉာဏ်ဝီရိယသည် တိုင်းကိုကြံနိုင်သည်။ ပြည်ကိုကြံနိုင်သည်။ ဤကဲ့သို့သောအရာများမှာ ကံသည် ပဓာနမဟုတ်၊ အများညီညွတ်သော ဉာဏ်၊ ဝီရိယသည်သာ ပဓာန ပေတည်း…” ဟု တွေးမြင်တင်ပြခဲ့သည်။
လွတ်လပ်ရေးမရမီကာလမှာ ဗြိတိသျှ၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတို့တွင် ဆိုရှယ်လစ်စနစ် ကျင့်သုံး သည့်ကိစ္စက ရေပန်းစားနေရာ မြန်မာတွင်လည်း ပြောဖွယ်ရာမရှိပြီ။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီပေါ်ပေါက်လာပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဖွဲ့စည်း၍ ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။ ၁၉၆၂ မှ ၁၉၈၈ ကာလသည် လူနှင့်ပတ်ဝန်းကျင်တို့ အပြန်အလှန် အကြောင်းအကျိုးပြုနေသည်ဟု ခံယူထားသည့် သဘောတရားများ ပေါ်ပေါက်လာသော ကာလဖြစ်သည်။ လူ့ဘဝနှင့် လူ့သမိုင်း၏ ကံကြမ္မာဖန်တီးရေးတွင် ပတ်ဝန်းကျင်က အခြေအနေပေး၍ လူက အဆုံးအဖြတ်ပေးသည်ဟူသော လူသာပဓာနအမြင် ပေါ်ပေါက်ခဲ့သည်။ လူသာပဓာနဆိုရာ၌ လုပ်သား ပြည်သူအများကို ရည်ညွှန်းသောအတွေးအခေါ်ဖြစ်သည်။ ရုပ်သာအဓိက၊ စိတ်သာအဓိကဟု အငြင်းပွားမှုပြဿနာများမရှိသော အတွေးအခေါ်ဖြစ်သည်။ လူနှင့် ပတ်ဝန်းကျင်တို့၏ အညမညသဘော တရားသည် သမိုင်းကြောင်းကို အစဉ်တိုးတက် နေသည်ဟု မခံယူပေ၊ လူတို့အပေါ် မူတည်၍သာ တိုးတက်နိုင်သည်ဟု ခံယူသည်။
ဆိုရှယ်လစ်သမ္မတလူ့ဘောင် တည်ဆောက်ရာတွင် တောင်သူလယ်သမားနှင့် အလုပ်သမားလူတန်း စားများသည် အခြေခံလူတန်းစားတစ်ရပ်ဖြစ်ရာ ထိုလူတန်းစားတို့ စည်းလုံးညီညွတ်မှုရရှိရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အုန်းတော၊ ၁၉၆၃ ခုနှစ်တွင် ဒူးယား၊ ၁၉၆၃ခုနှစ် ဒီဇင်ဘာလတွင် ပုပ္ပား၊ ၁၉၆၄ ခုနှစ်တွင် ခပေါင်း၊ ၁၉၆၅ ခုနှစ်နှင့် ၁၉၆၈ ခုနှစ်တွင် ရန်ကုန်တို့တွင် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးများ ကျင်းပ၍ ၁၉၆၃ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ရန်ကုန်၊ ချောက်တို့တွင် အလုပ်သမားနှီးနှောဖလှယ်ပွဲကြီး များကျင်းပသည်။
လူ့ဘောင်သမိုင်း၏ ပြောင်းလဲမှုများကို ပဓာန အားဖြင့် ဆောင်ကြဉ်းသူမှာ အသိဉာဏ်ရှိသော လူသားဖြစ်သည်။ လူ့သမိုင်းတိုးတက်မှုသည် လူ၏အဆုံးအဖြတ်ပေးနိုင်မှုပေါ်တည်သဖြင့် အလုပ်လုပ်သော လုပ်သားပြည်သူတို့၏ ပဓာနကျသော အခန်းကို အလေးအနက်ထား ဖော်ဆောင်သော အတွေးအခေါ်ဖြစ်သည်။ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်တွင် အထင်အမြင်များ တိမ်းစောင်း၊ ဘေးပယောဂများပူး၊ စီးပွားရေး ထင်သလောက်မဖွံ့ဖြိုး ခရီးမပေါက်ဖြစ်ခဲ့သည်ဟု ဆိုပါသည်။
နှစ်ဆယ်ရာစု မြန်မာနိုင်ငံသမိုင်းကို ကြည့်လျှင် ရံဖန်ရံခါဆိုသလို ပြည်ထောင်စုကြီး ပြိုကွဲရေးဆီသို့ တွန်းပို့သည့် ခြိမ်းခြောက်မှုများ ကြုံခဲ့ရသည်။ နှစ်ဆယ်ရာစုနှောင်းပိုင်းအထိပါပဲ။ ဖွံ့ဖြိုးတိုးတက် ရေးလမ်းကြောင်းပေါ်သို့ မရောက်၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ထင်သလောက်ခရီးမပေါက်၊ တိုင်းပြည်သည် အထနှေးနေခဲ့သည်။
အခြေအနေ (၆)
မြန်မာတို့ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် အေးအတူပူအမျှ နှစ်ပရိစ္ဆေဒနေထိုင်ခဲ့ကြသည့် မြန်မာတို့၏ စိန်ရတုလွတ်လပ်ရေးခရီးနှင့် အနာဂတ်မြန်မာနိုင်ငံတော်ကို တည်ငြိမ်အေးချမ်း သာယာဝပြောနိုင်ဖို့ ကိုယ့်အားကိုယ်ကိုးကြရမည်။
- “လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့သည် မိမိတို့နိုင်ငံ၏ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီး မကြာခင်မှာပင် ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည်လည်း ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်ရာ ထိုသို့ မပြီးနိုင်၊ မစီးနိုင်၊ အဖြေမထွက်နိုင်သည့် လက်နက်ကိုင်သံသရာမှ ရုန်းထွက်ကြရန် အချိန်ကျပြီဖြစ်သည်။ ”
- “ယနေ့အချိန်အခါသမယတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နေသောကာလဖြစ်သည်။ တိုင်းရင်းသားညီနောင်အားလုံး တန်းတူဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။”
- “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျ တိုးတက်လာနိုင်စေရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး ဒေသနှင့် တိုင်းပြည်အတွက် ပကတိလိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးလျက်ရှိရာ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာနေပြီဖြစ်ကြောင်း အသိပေးအပ်ပါ သည်။”
- “နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏ ရှိရင်းစွဲ သယံဇာတအရင်းအမြစ်များကို အကျိုး ရှိရှိ အသုံးချနိုင်ရမည်ဖြစ်သဖြင့် နိုင်ငံရေးအရ အားပြိုင်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံအတွက် အကျိုးရှိမည့်စီမံကိန်းများ ဆောင်ရွက်နေမှုကို ကန့်ကွက်နေမှုများအား စဉ်းစားဆောင်ရွက်ကြစေလိုသည်” (နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)
ယနေ့အချိန်အခါသမယတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နေသောကာလ ဖြစ်သည်။ တိုင်းရင်း သားညီနောင်အားလုံး တန်းတူခံစားနိုင်မည့် ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် နိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စိန်ရတုလွတ်လပ်ရေးမှသည် အနာဂတ်တိုင် ဒို့တာဝန်အရေးသုံးပါးကိုမူဝါဒအဖြစ် တစ်တိုင်းပြည်လုံးက ကျင့်ကြံအားထုတ်နေကြရမည် ဖြစ်သည်။
လောကဇာတ်ခုံကား အစမှအဆုံး သာယာ၍ နေသည်မဟုတ်၊ ငိုပွဲလည်းရှိသည်။ ရွှင်ပွဲလည်းရှိ သည်။ ဘဝနှင့် မကင်းကွာသူဟူသရွေ့သည် ငိုပွဲတစ်ခန်း၊ ရွှင်ပွဲတစ်ခန်း တွေ့ရမည်သာ ဖြစ်ပေသည်။ မည်သည့်ပွဲနှင့် တွေ့ရသည်ဖြစ်စေကာမူ ရှေးပုဂံသူ ပုဂံသားများကဲ့သို့ အားရှိရှိနှင့် တွေ့ကြခြင်းသာလျှင် စိတ်ဓာတ်၏တည်ကြည်ခိုင်မြဲရေးကို သန့်စင်တောင့်တင်းလျက် အမျိုးသားဗိမာန်ကြီး တည်ဆောက်ရေး၌ ခြေလှမ်းမှန်မှန်နှင့် ချီတက်နိုင်ကြပါစေ၊ လောကီလောကုတ္တရာနှစ်ဖြာနှင့် ကျော်လွှားခြင်းဖြင့် အေးချမ်းသာယာသည့်ဘဝကို မျက်မှောက်ပြုနိုင်ကြပါစေလို့ ဆုတောင်းရပါလိမ့်မည်။ ကျွန်တော်တို့တစ်တွေသည် သံသရာတစ်ကွေ့တွင် ယခုလိုဆုံတွေ့ရသည့်ဘဝ အေးအတူ ပူအမျှ ငြိမ်းငြိမ်းချမ်းချမ်း နေလိုသည့်ဆန္ဒ၊ အမျိုးသားအကျိုးစီးပွား ရှေးရှုသည့်ဝိသေသ၊ နိုင်ငံတကာအလယ်တွင် ထည်ထည်ဝါဝါနှင့် နေနိုင်သည့် အခြေအနေကို ချစ်မြတ်နိုးကြရပါမည်။
နိဂုံးချုပ်ရရင်ဖြင့်-
၂၀၀၀ ပြည့်နှစ်များတွင် ပညာတတ်သည်ထက် တတ်အောင် အမျိုးသားရေးစရိုက်လက္ခဏာများ တည့်မတ်လာသည်ကို တွေ့ရပါသည်။ အရည်အချင်း မြင့်သထက်မြင့်အောင်၊ ကျွမ်းကျင်မှု အရည်အသွေး မြင့်သည်ထက်မြင့်အောင် တက္ကသိုလ် ကောလိပ်များ တည်ထောင်ခဲ့သည်မှာ အမျိုးသား လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ဆောင်ကြဉ်း ပေးခြင်းပဲ ဖြစ်ပါသည်။
ပြည်သူတို့ ဘဝသစ်ဖန်တီးနိုင်ရေးတွင် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းရန်၊ အကြမ်းမဖက်သည့် လူ့အသိုင်းအဝိုင်း တည်ထောင်နိုင်ရန်ပင် ဖြစ်ပါသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးပင် ဖြစ်ပါသည်။ ဉာဏ်အမြော်အမြင်နှင့် မေတ္တာတို့ဖြင့် တိုင်းပြည်၏ ကံကြမ္မာကို ဖော်ဆောင်ပါလိမ့်မည်။
အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သော ၂၀ ရာစု မြန်မာနိုင်ငံသည် အသစ်ပေါ်ထွန်းလာမည့် ၂၁ ရာစု မြန်မာနိုင်ငံအဖြစ် ဆက်လက်ထိန်းသိမ်းရဖွယ် အမွေအနှစ်များ၊ ကောင်းမွေများကို ယူတတ်ရန်နှင့် မကောင်းသည်ကို ပယ်တတ်သည့်အရည်အချင်း၊ ဉာဏ် အမြော်အမြင်များ ရှိကြရပါလိမ့်မည်။ အနာဂတ်တွင် ဆက်လက်အကောင်အထည်ဖော်ရမည့် လုပ်ငန်းများဖြင့် ပြည့်လျက်ရှိနေသည်မို့ ခရီးဆက်ကြရဦးမည်ဟု ယုံကြည်ပါကြောင်း မေတ္တာဖြင့် တင်ပြလိုက်ရပါသည်။
ကျမ်းကိုး -
- ဦးသန့်၏ဘဝအတွေ့အကြုံများ မောင်ရွှေ ခေတ်။ ရန်ကုန်ပန်းဝေဝေ စာပေ၊ ၂၀၁၃ ခုနှစ်
- ဗမာ့တော်လှန်ရေးသမိုင်း၊ ဗိုလ်မှူးဘသောင်း (မောင်သုတ) မတ်လ ၁၉၉၁ ခုနှစ်၊ ပြန်ကြားရေးဝန်ကြီးဌာန
Myanmar: Facts and Figures; Ministry of Information, Myanmar, March, 2000
-“၂၀ ရာစု မြန်မာနိုင်ငံ” အမျိုးသားလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ၂၀၀၂ ခုနှစ် တက္ကသိုလ်များ ပုံနှိပ်တိုက်
No comments:
Post a Comment