Saturday, December 31, 2022

နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show) များကို MRTV ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဒီဇင်ဘာ ၃၀

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိစေရန်အတွက် နိုင်ငံတကာ နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show)များကို ဒီဇင်ဘာ ၃၁ ရက်နေ့ညတွင် နေပြည်တော် ရေပန်းဥယျာဉ်၌လည်းကောင်း၊ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌လည်းကောင်း၊ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌လည်းကောင်း ကျင်းပကြမည်ဖြစ်သည်။

အဆိုပါ ဖျော်ဖြေပွဲတွင် နိုင်ငံကျော်အဆိုတော်များ ပါဝင်တင်ဆက်ခြင်း၊ နှစ်သစ်ကူးချိန်ဖြစ်သည့် ည ၁၂ နာရီတွင် နှစ်သစ်ကူးပြောင်းရန်အချိန် ရေတွက်ကြေညာ၍ Countdown ပြုလုပ်ခြင်း၊ မီးရှူးမီးပန်း များ ပစ်ဖောက်သည့်ပုံရိပ်များအား LED ဖြင့် အစားထိုး ဖွင့်လှစ်ပြသခြင်းတို့အပြင် Night Market ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည်ဖြစ်သည်။

ထိုကဲ့သို့ နေပြည်တော် ရေပန်းဥယျာဉ်၌ ကျင်းပမည့် နှစ်သစ်ကိုကြိုဆိုသည့် ပျော်ပွဲရွှင်ပွဲ အစီအစဉ်တွင် Unplugged တီးဝိုင်းများဖြင့် နိုင်ငံကျော် အဆိုတော်များဖြစ်သည့် မြန်မာပြည်သိန်းတန်၊ D ဖြိုး၊ ဂျေမိုင်းမိုင်တို့၏ ဖျော်ဖြေမှုများကို MRTV ၏ Farmer’s Channel တွင်လည်းကောင်း၊ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် ပျော်ပွဲရွှင်ပွဲအစီအစဉ် တွင် GREAT NINE MUSIC BAND ၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော်အဆိုတော်များဖြစ်သည့် အကယ်ဒမီ များရှင် ရန်အောင်၊ အကယ်ဒမီများရှင် ရဲအောင်၊ အကယ်ဒမီများရှင် မေသန်းနု၊ စတီရီယိုတေးသံရှင် ဂျက်မြသောင်း၊ ပြည်မိုး၊ စိန်လင်း၊ ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံ၊ လှမျိုးသဉ္ဇာနွယ်၊ ပွင့်နဒီမောင်၊ သဉ္ဇာမြင့်မိုရ်၊ စိုးသီဟ၊ ရုပ်ရှင်သရုပ်ဆောင်/တေးသံရှင် ဝေလျှံ၊ ဂျင်းနီ၊ ဆူဇီ၊ တူယှဉ်နွှဲပျော်ဂီတပွဲတော်မှ စိုးထက်အောင်၊ ထွန်းပပအောင်၊ ပူတူးနှင့် ပြုံးအသင်္ချေ၊ ယွန်းသီရိကျော်၊ မျိုးဆက်သစ်တေးသံရှင်များစွာ ပါဝင်တင်ဆက်သွားမည့် ဖျော်ဖြေမှုများကို MRTV ၏ Sports Channel တွင်လည်းကောင်း၊ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ နိုင်ငံကျော်အဆိုတော်များ ပါဝင်တင်ဆက်မည့် ဖျော်ဖြေတင်ဆက်မှုများကို MRTV ၏ Parliament Channel တွင်လည်းကောင်း ဖျော်ဖြေပွဲ စတင်ချိန် ညနေ ၆ နာရီမှ အစီအစဉ်ပြီးစီး သည်အထိ တိုက်ရိုက် Live ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း၊ MRTV HD Channel တွင် ည ၈ နာရီ သတင်းများအပြီးမှစတင်၍ အစီအစဉ်ပြီးစီးချိန်အထိ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင်ကျင်းပသည့် ဂီတဖျော်ဖြေပွဲ Live Show အစီအစဉ်များကို ပေါင်းစပ်၍ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment