နွေကံ့ကော် (မြို့လှ)
လာမည့် ၂၀၂၃ ခုနှစ်တွင် ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စိန်ရတုလွတ်လပ်ရေးကာလကို ရောက်ရှိပေတော့မည်။ တကယ်တော့ (၇၅) နှစ်စိန်ရတုတည်းဟူသော ကာလတစ်ခုသည် နည်းလှသောသက်တမ်းတစ်ခုတော့မဟုတ်ပေ။ နယ်ချဲ့တို့အုပ်စိုးမှုအောက်၌ နေခဲ့ရစဉ် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်းကိုယ်နှင့်စိတ်များ ထွက်ပေါက်မရသည်အထိ တိုင်းရင်းသားပြည်သူတို့ မွန်းကျပ်ခဲ့ရသည်။ ကိုယ့်မြေကိုယ့်ရေပေါ်မှာနေပါလျက် အစားဆင်းရဲ၊ အဝတ်ဆင်းရဲ၊ အနေဆင်းရဲခြင်း မျိုးစုံဖြင့်ဆင်းရဲမှုအပေါင်းသရဖူဆောင်းသည် အထိဖြစ်ခဲ့ရသည်။ ထိုဆင်းရဲမှုမျိုးစုံမှ လွတ်ကင်းရန်အတွက် လွတ်လပ်ရေးကြီးပြန်လည်ရရှိအောင် တက်ကုန်ရွက်စုံလွှင့်ပြီး နည်းလမ်းရှာဖွေကြိုးစားခဲ့ကြသည်။ နယ်ချဲ့ဗြိတိသျှများအနေဖြင့် လွတ်လပ် ရေးပေးချိန်တွင်လည်း တောင်တန်းနှင့်ပြည်မခွဲခြားပေးလိုခဲ့ကြ၏။ သို့သော် တောင်တန်းဒေသမှ စော်ဘွားများက လက်မခံခဲ့ကြပေ။ ပေးဆပ်မှုများနှင့်ထိုက်တန်စွာ လွတ်လပ်ရေးကြီး ပြန်လည်ရရှိခဲ့သော်လည်း နယ်ချဲ့တို့၏ စနစ်ကျကျယုတ်မာမှုလှည့်ကွက်အောက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲခြင်းဟူသော ချိန်ကိုက်ဗုံးကြီးက ကျန်ရစ်ခဲ့ရသည်။ အထူးသဖြင့် တောင်တန်းပြည်မခွဲခြားဆက်ဆံမှုကို ရေရှည်ခိုင်မြဲအောင်အသက် သွင်းပေးခဲ့ခြင်းပင်ဖြစ်၏။
နယ်ချဲ့အင်္ဂလိပ်တို့အနေဖြင့် ရှမ်းစော်ဘွားပိုင် နယ်ပေါင်း ၃၂ နယ်ကို ပဒေသရာဇ် ရှမ်းပြည်နယ် ဟု ခေါ်တွင်စေလျက် ပြည်မအစိုးရအုပ်ချုပ်မှုအောက်တွင်မထားဘဲ ဘုရင်ခံကကော်မရှင်နာမင်း ကြီးမှတစ်ဆင့် သီးခြားအုပ်ချုပ်ခဲ့ခြင်းဖြစ်၏။ လွတ်လပ်ရေးရသည့်တိုင် ထိုခေတ်အခါက ရှမ်းပြည်နယ်သည် နယ်ချဲ့တို့ဖန်တီးခဲ့သည့်အတိုင်း ပဒေသရာဇ်စနစ်ကို စွန့်လွှတ်ခြင်းမရှိသေး ဘဲထုံးတမ်းစဉ်လာဓလေ့များဖြင့် စော်ဘွားများ၏ ဦးဆောင်မှုနှင့်အတူ အုပ်စိုးမှုပြုခဲ့ကြသည်။ ၁၉၅၉ ခုနှစ် မတ်လ ၉ ရက် တွင်ကျင်းပသော ရှမ်းပြည်နယ်ကောင်စီအရေးပေါ်ညီလာခံတွင် မိုင်းရှူးစော်ဘွားကြီးစဝ်ဖန်ဖက စော်ဘွားများအာဏာစွန့်မည့်အစီအစဉ်ကို အဆိုတစ်ရပ်အဖြစ် တင်သွင်းခဲ့ရာ အတည်ပြုခြင်းခံခဲ့ရပြီး ပြည်ထောင်စုအစိုးရမှလည်း တစ်လုံးတစ်ခဲတည်း သောပင်စင်များခံစားခွင့်ပေးခဲ့ပါသည်။ရှမ်း စော်ဘွားများအနေဖြင့် သူတို့၏အုပ်ချုပ်မှုအာဏာ ကို စွန့်လွှတ်ခဲ့ခြင်းမှာ နိုင်ငံတော်၏ လိုလားချက်နှင့် ရှမ်းပြည်သူအများစု၏လိုလားချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အပြင် နောက်တစ်ချက်အနေဖြင့် တိုးတက်လာသော ခေတ်စနစ် အမြင်များနှင့်အညီမိမိတို့ရှေ့တွင် လွတ်လပ်ရေးရရှိခဲ့သည့် အိန္ဒိယနိုင်ငံမှ မဟာရာဇာစော်ဘွား ကြီးများ၏လမ်းစဉ်ကို အတုယူခဲ့ခြင်းဖြစ်ပါသည်။ ၁၉၅၉ ခုနှစ် ဧပြီလ၂၉ ရက်တွင် တောင်ကြီးမြို့၌ ရှမ်းပြည်နယ် ပြည်သူ့အုပ်ချုပ်ရေးပန္နက်ချပွဲကျင်းပခဲ့ပြီး ထိုနေ့သည် ရှမ်းစော်ဘွားများအာဏာစွန့်ပြီး ရှမ်းပြည်သူတို့လက်သို့ အုပ်ချုပ်ရေးအာဏာများ စတင်ရောက်ရှိသောနေ့ဖြစ်ခဲ့ပါသည်။ရှမ်းပြည်နယ်ရှိ နယ်ရှင်စော်ဘွားများ(စဝ်ဖလုံ)များသည်
ထုံးတမ်းစဉ်လာ မျိုးရိုးအရိုက်အရာများ အတိုင်းမိမိတို့နယ်များအတွင်းအရပ်ရပ်စီရင် အုပ်ချုပ်မှုအာဏာ၊တရားစီရင်မှုအာဏာ၊
အခွန် တော်ခန့်ခွဲကောက်ခံမှုအာဏာစသည်ဖြင့် ကျယ်ပြန့်သောအာဏာများနှင့် ခံစားအုပ်ချုပ်လာခဲ့
သည်ဖြစ်ရာ အာဏာစွန့်ရန်အတွက် မနည်းကြိုးစားခဲ့ကြရပါသည်။ သို့သော်ငြားနိုင်ငံတော်နှင့်
ပြည်သူတို့၏ လိုလားချက်အတိုင်းခေတ်စနစ်နှင့်လျော်ညီသည့် ပြည်သူ့အုပ်ချုပ်ရေးအား သဘောထားကြီးစွာ
ပြောင်းလဲလက်ခံခဲ့သည့်အတွက် ရှမ်းပြည်နယ်အတွက်သာမက ပြည်ထောင်စုသမ္မမြန်မာနိုင်ငံအတွက်ပါအကျိုးရှိစေခဲ့ပါသည်။
ထိုနေ့က အခမ်းအနား၌ ဗိုလ်ချုပ်ကြီးနေဝင်းပြောကြားခဲ့သည့် မိန့်ခွန်းကို ကောက်နုတ်တင်ပြလိုပါသေးသည်။
“လွတ်လပ်ရေးခေတ်ကြိုအချိန်ကဗိုလ်ချုပ်
အောင်ဆန်းတို့အဖို့ ပြဿနာအမျိုးမျိုးရှိတဲ့အထဲမှာ အခက်ဆုံးပြဿနာတစ်ခု ပေါ်ပေါက်ခဲ့တယ်၊ အင်္ဂလိပ်အစိုးရအနေနှင့်
ဗမာပြည်ကို လွတ်လပ်ရေးပေးရသည့်တိုင်အောင် အရင်အခေါ်တောင်တန်းဒေသယခုအခေါ် ပြည်နယ်တွေ ကို ပြည်မမှခွဲထုတ်ပြီး တတ်နိုင်လျှင်အရင်ကအတိုင်း
ဆက်လက်အုပ်စိုးရန်နှင့် ထိုသို့မဖြစ်နိုင်မှ ဓနသဟာယအဖွဲ့အစည်းအတွင်းမှာနေဖို့ အပြင်းအထန်ကြိုးစားခဲ့ပါတယ်၊
ပြည်နယ်သားတွေရဲ့ ရိုးသားမှု၊ အတွေ့အကြုံနည်းမှု၊ အတွေးအခေါ်နောက်ကျမှုတို့ကိုအခွင့်
အရေးယူပြီး အမျိုးမျိုး ကုန်းချောခဲ့ကြတဲ့အတွက် ပြည်နယ်သားတွေအနေနဲ့ ပြည်မက ဗမာများအပေါ်
မယုံသင်္ကာ ဖြစ်ခဲ့ကြပါတယ်၊ ထိုအယုံအကြည် ကင်းမှုပပျောက်အောင် ဗိုလ်ချုပ်အောင်ဆန်းတို့အနေနှင့်
အမျိုးမျိုးကြံဆောင်ခဲ့ရပါတယ်၊ ထိုကြိုးစားချက် ထမြောက်အောင် စော်ဘွားကြီးများရဲ့ဆန္ဒကို
လိုက်လျောကာ စော်ဘွားအုပ်ချုပ်မှုကို ဆက်လက်ကျင့်သုံးစေခဲ့ပါတယ်၊ စော်ဘွားကြီးများအတွက်
အထူးအခွင့်အရေးဖြစ်စေမဲ့ပုဒ်မများကိုလဲ ထည့်သွင်းခဲ့ရပါတယ်၊ စော်ဘွားအုပ်ချုပ် မှုရဲ့
အပြစ်အနာအဆာ စော်ဘွားအချို့ရဲ့ အတွေးအခေါ် အယူအဆ အကျင့်အကြံတွေအပေါ် အပြစ်ပြောစရာ အရင်ကတွေ့ခဲ့ပေမဲ့
ယနေ့တော့ဖြင့် စော်ဘွားကြီးများဟာမိမိတို့ ခံစားနေရတဲ့ အခွင့်အရေးတွေ အာဏာတွေကို ရက်ရက်ရောရော
လက်တွေ့စွန့်လွှတ်ပြလိုက်ကြတာကို တွေ့ရပြီဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ မချီးကျူးဘဲမနေနိုင်တော့ပါဘူး၊
ဒီလိုမှ မစွန့်လွှတ်ကြဘဲ မိမိတို့ရဲ့အာဏာအခွင့်အရေးတွေကို ဆက်ပြီးကိုင်ထားချင်ကြသေးတယ်
ဆိုရင်တော့ ရှမ်းပြည်နယ်နဲ့ပြည်ထောင်စုမှာ နိုင်ငံရေးရောအုပ်ချုပ်ရေးရောနှစ်ခုစလုံးနဲ့
ပတ်သက်တဲ့ပြဿနာတွေပေါ်ပေါက်လာနိုင်ပါ တယ်၊ အုပ်ချုပ်ရေးအစီအစဉ်သစ်တစ်ရပ်ကို ပြေပြေပြစ်ပြစ်နဲ့
ပြောင်းလဲပေးခဲ့ကြတဲ့စော်ဘွားကြီးတွေ စောဖျာတွေကို အဲဒီပြဿနာများ မပေါ်ပေါက်နိုင်အောင်ဖန်တီးတဲ့ပုဂ္ဂိုလ်တွေအနေဖြင့်
မှတ်တမ်းတင်ရပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့ရာ နှောင်းလူတို့အတွက်မှတ်သားစရာနိုင်ငံရေးသမိုင်းကြောင်း
ဗဟုသုတ များပင်ဖြစ်ပါသည်။
၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ရာ “နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစဉ်အဆက်တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို
အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကိုခိုင်ခိုင် မာမာအာမခံထားပြီးဖြစ်ပါတယ်။
လာမဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ ၇၅ နှစ်ကာလ
ကြာပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့အနှစ်သာရများကိုတိုင်းရင်းသား ပြည်သူများ အပြည့်အဝ မခံစားရသေးတာကိုလည်း
လက်ရှိပကတိဖြစ်ရပ်များကပြဆိုနေပါတယ်။ အဓိကအကြောင်းအရာကတော့ သဘောထားကွဲလွဲမှုများအပေါ်မှာအခြေခံပြီး
ဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကြောင့်ပဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့
ဖြေရှင်းနိုင်မှ သာ ဒီမိုကရေစီရဲ့အနှစ်သာရ လွတ်လပ်ရေးအနှစ်သာရကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဒီ၂၀၂၂ ခုနှစ်ဟာငြိမ်ချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်
ပဋိပက္ခများချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများအနေဖြင့် ငြိမ်းချမ်းရေးအတွက်
ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားခဲ့ကြပါသော်လည်း ငြိမ်းချမ်းရေး ရလဒ်များက ထင်သလောက်ခရီးမပေါက်နိုင်ခဲ့ပါချေ။
ထို့ကြောင့် အဖိုးတန်အချိန်များ အလေ အလွင့်ဖြစ်ခဲ့ရပါသည်။ သူတစ်လူ ငါတစ်မင်းအပြိုင်အဆိုင်မာန်တင်းမှုများကြောင့်
ထိခိုက်ခဲ့ရ သည်က တိုင်းပြည်ပင်ဖြစ်သည်။ တိုင်းပြည်ကို အမှန်တကယ်ချစ်မြတ်နိုးစိတ်ရှိပါလျှင်
မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ရှမ်းစော်ဘွားများအာဏာစွန့်သည့် ဥပမာကို နမူနာယူသင့်ပါသည်။
အများအကျိုး၊ နိုင်ငံ့အကျိုးနှင့်ယှဉ်လာလျှင်မိမိတို့အကျိုးစီးပွားကို ဥပေက္ခာပြုနိုင်ရမည်ဖြစ်၏။
စွန့်ရဲသည့်သတ္တိရှိဖို့သာလိုပါသည်။ ထိုအရာမှသာ စစ်မှန်သည့်သတ္တိဟု ဆိုရပါမည်။ တစ်ကိုယ်ရေကောင်းစားရေးနှင့် တစ်ပြည်ထောင် ကောင်းစား ရေးအတွက်စွန့်စားခြင်းသည် စစ်မှန်သော သတ္တိ၏ပြယုဂ်မဟုတ်ပါချေ။
တိုင်းတစ်ပါး၏ အမြှောက်အပင့်များကြားတွင် ကိုယ့်တိုင်းပြည် မြေပုံပျက်ယွင်းမှုမရှိစေရေး
သတိပြုရန်လိုအပ်ပါသည်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် လေ့လာ မှတ်တမ်းတင်၍ မကုန်နိုင်သော
ဖြစ်ရပ်များစွာ ရှိနေပါသည်။ ထိုအထဲမှ အကောင်းအဆိုးတို့ကို ချင့်ချိန်ခွဲခြားပြီး တိုင်းပြည်တိုးတက်ရေးအတွက်
ပူးပေါင်းလုပ်ဆောင်ကြမှသာ တိုင်းရင်းသား ပြည်သူများမျှော်လင့်တောင့်တနေသည့် နိုင်ငံတော်ကြီးတစ်ခုကို
တည်ဆောက်နိုင်လိမ့် မည်ဖြစ်ပေသည်။
အမိနိုင်ငံတော်ကြီးပျက်စီးပြိုကွဲရေးကို ထာဝစဉ်ကြိုးပမ်းနေသောပြည်ပအဖျက်သမားများ၏ အန္တရာယ်ကို မေ့လျော့ပေါ့ဆနေမည်ဆိုပါလျှင်
ပြည်တွင်းစည်းလုံးညီညွတ်ရေးကို ထိပါးလာမည်ဖြစ်ပါသည်။စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းမှတစ်ဆင့်
တိုင်းပြည်ကို စိတ်တိုင်းကျ ခြယ်လှယ်သွားသည့် အတိတ်ကဖြစ်စဉ်ကို မေ့လျော့၍မရပါချေ။
တစ်ချိန်တစ်ခါက ရှမ်းစော်ဘွားများကို နယ်ချဲ့ဗြိတိသျှတို့က မြှောက်စားမှုများပေးပြီး
တောင်တန်းပြည်မသွေးကွဲမှုများဖြစ်အောင် ဖန်တီးသကဲ့သို့ ယနေ့ထိတိုင်လည်းအလားတူဖန်တီးမှုမျိုးကို
ခေတ်သစ်ကျားငစဉ်းလဲတို့က ကျင့်ကြံနေကြဆဲဖြစ်ပါသည်။ တပ်မတော်သည်အတိတ်သမိုင်းမှဖြစ်စဉ်များအပေါ်
ဆင်ခြင်သုံး သပ်မှုအပြည့်ဖြင့် လွတ်လပ်ရေးရပြီးချိန်မှသည် ယနေ့ကာလတိုင် နိုင်ငံတော်ကို
ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့အားလုံးသည် မြန်မာဖြစ်သည်ဟူသော ခံယူချက်
စိတ်ထားများရှိပါက မည်သည့်သွေးခွဲမှိုင်းတိုက်မှုမျိုးကိုမဆို တွန်းလှန်နိုင်မည်ဖြစ်ပေသည်။
ကျွန်တော်တို့ငယ်စဉ်ကသင်ခဲ့ရသည့် “ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေသည် ကူ၍တွန်းပေး
ကြပါ၊ လေးလွန်း၍မတွန်းနိုင်ဘူးလား ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ဟူသော ကဗျာလေးက
အကောင်းဆုံး သာဓကပင်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အစည်းအဝေး(၄/၂၀၂၂) တွင် အမှာစကားပြောကြားခဲ့ရာ “ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆန္ဒနှင့်အညီ ရွေးချယ်တင် မြှောက်သည့် အစိုးရစနစ်ဖြစ်ပြီး
ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊ တိုင်းရင်းသား နယ်မြေများအလိုက် လိုအပ်ချက်များ၊
တောင်းဆိုချက်များနှင့် အခွင့်အာဏာများခွဲဝေခံစား ခြင်း၊မျှဝေခံစားခြင်းများရရှိစေရန်လိုကြောင်း၊
ထို့ကြောင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကိုသွားရမည်ဖြစ်ကြောင်း”
ထည့်သွင်း ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် ကချင်၊ ကယား၊
ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတည်းဟူသော တိုင်းရင်းသားလူမျိုးစုများဖြင့် ဖွဲ့စည်းထားသော
ပြည်ထောင်စုကြီးပင် ဖြစ်၏။ ထိုပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့၊ ပြည်သူလူထုလိုလားသည့်
ပါတီစုံဒီမိုကရေစီစနစ် ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို
အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားအားလုံးတွင်
တာဝန်ရှိကြပါသည်။ ၎င်းတာဝန်ကို အတိတ်သမိုင်းကြောင်း၌ မည်သို့ကြိုးပမ်းတည်ဆောက်ခဲ့ကြသည်ကို
ရှမ်းပြည်နယ် ပြည်သူ့အုပ်ချုပ်ရေးပန္နက်ချပွဲ၌ ထင်ရှားစွာတွေ့နိုင်ပါသည်။
အချုပ်ဆိုရသော်
အစိုးရအနေဖြင့် စစ်မှန်သော သဘောထားတို့ဖြင့်ထာဝရငြိမ်းချမ်းရေးအတွက် မည်မျှပင်ကြိုးပမ်းစေကာမူ
သက်ဆိုင်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့်ကိုယ်ကျိုး မကြည့်ဘဲ ပူးပေါင်းပါဝင်လက်တွဲကြမှသာ
ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းပြည်အေးချမ်းမည်ဖြစ်သည်။ တိုင်းပြည်အေးချမ်းမှသာ
ပြည်သူ များ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ၏။ တိုင်းရင်းသားပြည်သူလူထု
တစ်ရပ်လုံး၏ လူမှု စီးပွားဘဝ ဖူလုံပြည့်စုံခြင်းသည် တိုင်းပြည်စည်ပင် ဝပြောခြင်းကိုဖော်ထုတ်ပြသခြင်းပင်ဖြစ်၏။
တိုးတက် ပြောင်းလဲလျက်ရှိသောကမ္ဘာကြီးနှင့် ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များကို မျက်ခြည်ပြတ်မခံဘဲ
အားလုံးသည် ဟုတ်သောအကြံ မှန်သောအကျင့် သင့်သောအယူဖြူသောနှလုံးဖြင့်တိုင်းပြည် ကောင်းရာကောင်းကျိုးပူးပေါင်းဆောင်ရွက်ကြ
မည်၊စည်းလုံးညီညွတ်ကြမည်ဆိုပါလျှင် စိန်ရတု လွတ်လပ်ရေးကာလမှသည် နောင်နှစ်ပေါင်းများစွာ
တိုင်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံမှုကြောင့်ဖြစ်ပေါ်လာသည့်အသီးအပွင့်များစွာကို
ခံစားကြရလိမ့်မည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။
ကိုးကား
၁။ ပြည်ထောင်စုဝံသာနုရက္ခိတ
(တက္ကသိုလ် မြတ်သူ)
၂။ ရှမ်းပြည်နယ်
ပြည်သူ့အုပ်ချုပ်ရေးပန္နက် ချပွဲစာအုပ်
၃။ (၁၃-၅-၂၀၂၂)
ရက်နှင့် (၂၃-၄-၂၀၂၂) ရက် ထုတ်မြဝတီသတင်းစာ
No comments:
Post a Comment