ဘားအံ
မေ ၁၆
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းဆင့် Grade-11(သင်ရိုးသစ်) ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲခန့်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မူလတန်း အဆင့်တွင် Grade-5, အလယ်တန်းအဆင့်တွင် Grade-8, အထက်တန်းအဆင့်တွင် Grade-11 သင်ရိုးသစ်
သင်တန်းများကို ဗဟိုအဆင့်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်များခွဲ၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊
ပြည်နယ် အဆင့်နည်းပြသင်တန်းကို ဗဟိုအဆင့်သင်တန်းဆင်း သင်တန်းနည်းပြ(၃၀)ဦးက မြို့နယ်အသီးသီးရှိ
အခြေခံ ပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ၈၂ ဦးကို ဘာသာရပ်အလိုက်ပြန်လည်ဆွေးနွေးပို့ချပေးသွားမည်
ဖြစ်ကြောင်း၊ ပြည်နယ်အဆင့်သင်တန်းတွင် တက်ရောက်ကြသည့် ဆရာ၊ ဆရာမများသည် မြို့နယ်အဆင့်
သင်တန်းတွင် နည်းပြအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် ယခုသင်တန်းမှဆွေးနွေးပို့ချချက်များကို
သေသေချာချာလေ့လာမှတ်သားသွားကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများ၊
သင်တန်းသား ဆရာ၊ဆရာမများ စုစုပေါင်း ၁၁၂ ဦးအတွက် ငွေကျပ် ၁၁၂၀၀၀၀(တစ်ဆယ့်တစ်သိန်းနှစ်သောင်းကျပ်)ကို
ထောက်ပံ့ပေးအပ်ပြီး နည်းပြနှင့် သင်တန်းသားဆရာ၊ဆရာမများကိုယ်စား ဆရာမတစ်ဦးကကျေးဇူးတင်
စကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍
အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments:
Post a Comment