တောင်ကုတ် နိုဝင်ဘာ ၁၂
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုး၊ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်၊ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးဦးစိုင်းသော်ဝင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များသည် ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်တွင် တောင်ကုတ်မြို့သို့ရောက်ရှိပြီး တောင်ကုတ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်စပ်ကုန်သွယ်ရေး၊ကုန်စည်စစ်ဆေးရေး စခန်းသို့ရောက် ရှိပြီး ဆိပ်ခံတံတား တည်ဆောက်မည့်နေရာကိုကြည့်ရှုစစ်ဆေးပြီး ကုန်ပစ္စည်းစစ်ဆေးရေး စခန်း(Check Point)၌ တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာ ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ်(၂)လမ်းမကြီး၌ တံတား တည်ဆောက်မည့် နေရာကိုကြည့်ရှုစစ်ဆေးကာ မိုးတွင်းကာလတွင် တံတားရေကျော်မဖြစ်ပေါ်စေရေး အတွက် တံတားကိုအမြင့်ပေ(၁၄)ပေ တည်ဆောက်ရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်တက္ကသိုလ်ရှိ ပညာရိပ်သာ ၊ Community Centre နှင့်ဝန်ထမ်း အိမ်ရာ(၄)ထပ်ဆောင်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိခဲ့ရာတောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင် နှင့် နေလသစ္စာဆောက်လုပ်ရေးကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူများမှ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂူတာရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ ကမ်းထိန်းနံရံပြိုကျမှုနှင့် နေအိမ်များ ပျက်စီး ဆုံးရှုံးမှုများကိုကြည့်ရှုစစ်ဆေးကာ နေအိမ်ဆုံးရှုံးခဲ့ကြသည့် မိသားစုများကို ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးစကား ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုင်းရှည်ကျေးရွာ စေတျာရာမကျောင်းတိုက်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ကိုင်းရှည်ဆရာတော်ဘုရားကြီးနှင့်မြို့ပေါ် ကျောင်းတိုက်များမှ ဆရာတော်ကြီးများကို ဖူးမျှော်ကြည်ညိုကာ လှူဘွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်
No comments:
Post a Comment