မတ္တရာ အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် သဘာဝဘေးကြောင့် သီးနှံထိခိုက် ပျက်စီးဆုံး ရှုံးခဲ့သည့် တောင်သူများအား ပြည်ထောင်စုအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ပုလဲဓာတ် မြေသြဇာများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်း မတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ မိုးများ စံချိန်တင်ရွာ သွန်းခဲ့မှု ကြောင့် ချောင်းရေလျှံ၍ ရေကြီးနစ်မြုပ်သဖြင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု အခြေအနေများ၊ ဓာတ်မြေ သြဇာများ နှင့် သဘာဝမြေသြဇာများကို အကျိုးရှိရှိအသုံးချရေးတို့နှင့် ပတ်သက်၍ အဖွင့်အမှာ စကားပြောကြား ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာမှ ပျက်စီးဆုံးရှုံးမှုများ အတွက် ပုလဲဓာတ် မြေသြဇာများ ခွဲထောက်ပံ့ပေးအပ်ရသည့် အချိုးနှုန်းထားများ၊ ဂျပန်ကုမ္ပဏီတစ်ခုနှင့် အကျိုးတူ ပူးပေါင်း၍ အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးမည့် ရုံးပတီပင်များကို စိုက်ပျိုးလိုသည့် တောင်သူများ အနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးစန်းယုမှ ရပ်ရွာလုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ဝန်စုကျေးရွာ၊ ကမ်းတဖက်ကျေးရွာ၊ ဆိပ်ကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ သူရဲဇက်ကျေးရွာ၊ စက်ထိပ် ကျေးရွာ၊ ဟလင်းကျေးရွာ၊ သရက်တောကျေးရွာ၊ ရှမ်းတောကျေးရွာနှင့် သဲကောကျေးရွာ အုပ်စုတို့မှ တောင်သူ ၃၃၆ ဦး၏ မိုးစပါးသီးနှံ (၁၁၉၃) ဧကအတွက် ပုလဲဓာတ်မြေ သြဇာ (၅၆၀) အိတ်အား တောင်သူများ ကိုယ်စား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြသည်။ မတ္တရာမြို့နယ် တွင် မိုးစပါးစိုက်ဧက စုစုပေါင်း (၄၈၃၈၂) ဧက ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး (မတ္တရာ)
No comments:
Post a Comment