Thursday, September 23, 2021

ဝါးခယ်မမြို့နယ်၌မိုးစပါး/နွေစပါး ကန်ထရိုက်လယ်ယာ (Contract Farm) အကျိုးတူ စိုက်ပျိုး ရန်နှင့် မိုးစပါးဝယ်ယူရန် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

 



  ဝါးခယ်မ စက်တင်ဘာ ၂၃

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မိုစပါး/နွေစပါး ကန်ထရိုက်လယ်ယာ (Contract Farm) အကျိုးတူစိုက်ပျိုးရန်နှင့် မိုးစပါးဝယ်ယူရန် ညှိနှိုင်းဆွေးနွေးပွဲကို"ရွှေခယ်သီရိ" အားကစားခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က အဖွင့်အမှာစကား ပြောကြား၍ဆန်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက တောင်သူများအနေဖြင့် စိုက်ပျိုးမှုနည်းပညာများရရှိရေး၊ အထွက်နှုန်းကောင်းမွန်ရေးနှင့် ဝင်ငွေရရှိရေးတို့ကို အလေးထား ဆောင်ရွက်လိုပါကြောင်း၊ တောင်သူ တစ်ဦးချင်းစီအား တွေ့ဆုံချိတ်ဆက်ရန် အဆင်မပြေသဖြင့် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် စပါးစိုက်တောင်သူများနှင့် မိုးစပါး/ နွေစပါး ကန်ထရိုက်လယ်ယာ (Countract Fram) အကျိုးတူစိုက်ပျိုးလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စပါးမျိုးကောင်းမျိုးသန့်များကို ဖြန့်ဖြူးပေးပြီး တောင်သူများ၏ ထွက်ရှိစပါးများအား ဒေသပေါက်ဈေးဖြင့် ပြန်လည် ဝယ်ယူမည့်အစီ အစဉ်ဖြစ်ကြောင်းနှင့် မိုးစပါးများဝယ်ယူရန်စီမံဆောင် ရွက်ထားသည့် အခြေအနေ များအား ဆွေးနွေးပြောကြားခဲ့သည်။ တက်ရောက်လာသော ဒေသခံတောင်သူ များက နည်းစနစ်ကျကျ စပါးစိုက်ပျိုး မှုနည်းလမ်းများ၊ အထွက်ကောင်း မျိုးစပါးများ ရရှိမည့်အခြေအနေနှင့် မြေဩဇာသုံးစွဲရန်လိုအပ်မှု စသည်တို့အား မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (ချမ်းမြေ့ ဇေယျာကုမ္ပဏီ) နှင့်အဖွဲဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူမျာ တက်ရောက်ခဲ့ကြောင်းသိရသည်။

စောသန္တာဦး

 

 

No comments:

Post a Comment