လူငယ်များကို ကျွန်တော်ချစ်ပါသည်။ ဘယ်ခေတ်မဆို လူငယ်ဟူက ရိုးသားသည်။ ဖြူစင်သည်။ ပွင့်လင်းသည်။ ပေါ့ပါးသည်။ စူးစမ်းသည်။ တက်ကြွသည်။ စွန့်စားလိုသည်။ အပေါင်းအသင်းမင် သည်။ ဤသည်က လူငယ်တို့၏ ပင်ကိုဗီဇ။ ကျွန်တော်တို့ခေတ်တုန်းကလည်း သည်လိုပင်။ ဘောင်းဘီရှည်ပွပွ၊ အင်္ကျီလက်ရှည်ပွပွကြီးတွေ ဝတ်မည်။ စိတ်ကူးတည့်ရာ ကိုးရိုးကားရား ဝတ်ချင်တာဝတ်မည်။ “မိုက်တယ်”၊ “ခိုက် တယ်”စသဖြင့် ခေတ်အလိုက် ဗန်းစကားတွေ ပြောချင်ပြောမည်။ ၁၀ နှစ်မှ အသက် ၂၀ အတွင်းအရွယ်ကိုက မြူးထူးပျော်ပါးသည့် အရွယ်မို့။
ကျွန်တော်လူငယ်ဘဝက ဒေါက်တာမောင်မောင်၏ “သားမောင် စစ်သည်သို့” စာအုပ်ကို ဖတ်ခဲ့သည်။ လူငယ်များနှင့် ပတ်သက်၍ ဒေါက်တာမောင်မောင်၏သဘောထားအမြင်ကို သိခဲ့ရသည်။ “ယနေ့ခေတ်လူငယ်တွေသည် ကျွန်တော်တို့ သူတို့အရွယ်ကထက်ပင် ထက်မြက် သွက်လက် ပွင့်လင်းရဲရင့်ကြသည်ထင်သည်။ ကျွန်တော်တို့ တုန်းကထက် အကြားအမြင်များ သည်။ လွတ်လပ်သော နိုင်ငံသားများအဖြစ် မွေးဖွားခဲ့ရခြင်း၏ ဂုဏ်သတ္တိကလည်း နယ်နယ်ရ ရမဟုတ်။ ထို့ကြောင့် သူတို့၏စိတ်ဓာတ်၊ စေတနာသည်လည်း သူတို့အရွယ်တုန်းက ကျွန်တော်တို့၏ စိတ်ဓာတ်၊ စေတနာတို့ထက် မညံ့နိုင်၊ “ဒီခေတ် လူငယ်တွေပြောမရဆိုမရ၊ သူတို့ရှေ့ရေး၊ နိုင်ငံရှေ့ရေးကိုမတွေးဝံ့ပါပြီ” ဆိုသော ကျွန်တော်တို့လို ဖခင်အရွယ်၊ အဘိုး အရွယ်များသည် ကျွန်တော်တို့ငယ်စဉ်က ကျွန်တော်တို့၏ဖခင်၊ အဘိုးများကလည်း ကျွန်တော် တို့နှင့်ပတ်သက်၍ ဒီအတိုင်းပင် ပြောဆိုခဲ့ကြသည်ကို အမှတ်ရသင့်သည်။
လူငယ်တွေ ဆံရှည်ထားထား၊ ဆန်းပြားသောဝတ်စားဆင်ယင်မှုကို ပြုပြု၊ ထူးခြားသော စကား ဝေါဟာရများကို ပြောပြော၊ သန္ဓေဗီဇ ညံ့ကြသည်မဟုတ်။ အရေးကြုံလာလျှင် နိုင်ငံအတွက် တိုင်းရင်းသားများအတွက် ထွက်၍တာဝန်ယူကြလိမ့်မည်။ အရေးကြီးလျှင် သွေးနီးလိမ့်မည် ယုံကြည်သည်”ဟု ရေးသားထားသည်။ ထိုစဉ်က လူငယ်တစ်ဦးမျှသာရှိသေးသော ကျွန်တော် အတော့်ကို အသည်းခိုက်သွားသည်။ ယနေ့တိုင် မမေ့နိုင်ခဲ့။
ညွှတ်ကွင်းဆင်တတ်သော နိုင်ငံရေးသမားများ
ဒေါက်တာမောင်မောင်၏ ထိုသို့သော အတွေးအမြင်တို့ကြောင့်လည်း ကျွန်တော့် လူငယ်ဘဝတွင် အကောင်းအဆိုးကို ဉာဏ်မီသမျှလေး ခွဲခြားတတ်လာသည်။ ဆင်ခြင်တုံတရားအချို့ ရခဲ့သည်။ အထူးသဖြင့် ခေတ်အဆက်ဆက် လူငယ်ထုကို နိုင်ငံရေးအာဏာလိုဘအလို့ငှာ အသုံးချရန် ညွှတ်ကွင်းဆင်တတ်သော နိုင်ငံ ရေးသမား များ၏ ထောင်ချောက်ကို ရှောင်ရှားနိုင်ခဲ့သည်။
သို့တစေ ကျွန်တော်တို့ ရှေ့မျိုးဆက်က လူငယ်အချို့နှင့် ကျွန်တော်တို့နှင့် ခေတ်ပြိုင်မျိုးဆက် လူငယ်အချို့တို့မှာမူ သူတို့၏ နိုင်ငံချစ်သော၊ စူးစမ်းလိုသော၊ စွန့်စားလိုသော၊ တက်ကြွသော လူငယ်ဘဝ သန္ဓေဗီဇတို့ကို နိုင်ငံရေးသမားများက အသုံးချ၍ တော်လှန်ရေး လမ်းကြောင်းပေါ်သို့ ဆွဲတင်မှုကိုခံခဲ့ကြရသည်။ အချို့ကား ဘဝ တင်မက အသက်ပါ ပျက်စီးဆုံးရှုံးသွားခဲ့ရရှာသည်။
ခေတ်တွေသာ ပြောင်းသွားခဲ့လေသည်။ နိုင်ငံရေးသမားအမည်ခံ လူပေါ်လူဇော်တို့၏ အသုံးချခံ သက်သက် လူငယ်တို့၏လားရာကား မပြောင်းလဲခဲ့ချေ။ မာ့က်စ်လီနင်ဝါဒနှင့် အနုပဋိ လောမရုပ်ဝါဒတို့အပေါ် နှစ်သက်ယုံကြည်ပြီးတစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီထံ တောခို
သွားခဲ့သော တက္ကသိုလ်ကျောင်းသားတို့၏ ရင်နင့်ဖွယ် အတွေ့အကြုံများက သမိုင်းသက် သေပြုလျက်ရှိသည်။
၁၉၆၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟို စခန်း၏အချုပ်ခန်းအတွင်း၌ ရန်ကုန်တက္ကသိုလ်ကျောင်းသား တပ်ဦးခေါင်းဆောင်များဖြစ်ကြသည့် ရဲဘော်ဘသန်း၊ ရဲဘော် ထွန်းကျော်(ခ) မောင်စိုးဝင်း(လူထုဦးလှ-ဒေါ်အမာသား)၊ ရဲဘော် ဘိုးသာ၊ ရဲဘော်တင်ဟန်နှင့် ရဲဘော်ခင်ဝင်းတို့ ငါးဦးသည် ထိပ်တုံးနှင့် ခတ်ထားခြင်းကို ခံနေရ၏။ လက်နှင့် ခါးတို့ကိုလည်း နိုင်လွန်ကြိုးများနှင့် ချည်နှောင်ထားသည်။
အချုပ်ခန်းရှေ့တွင် တပ်နီလူငယ်များနှင့် တပ်နီအမျိုးသမီးများသည် ကြွေးကြော်သံများကို အော်ဟစ်၍ အဆက်မပြတ်ကြွေးကြော် နေကြသည်။ “ထွန်းငြိမ်းရဲ့ ကြံကြံဖက် ဂိုဏ်းသားတွေကို (သတ်ပစ်)။ ထွန်းကျော်ရဲ့ ကျောင်းသားတပ်ဦးဝါဒကို (ချေမှုန်းပစ်)။တော်လှန်သော တပ်နီလူငယ် အချို့ကတော့ အချုပ်ခန်းကို ခဲနှင့်ပစ်နေကြသည်။
ဗဟိုစခန်း၏ အချုပ်ခန်းအတွင်း၌ ရဲဘော်ဘသန်း၊ ရဲဘော်ဘိုးသာနှင့် ရဲဘော်ခင်ဝင်းတို့သည် တမှိုင်မှိုင်ဖြစ်နေကြ၏။ တုန်တုန်ချည့်ချည့် ဖြစ်နေကြ၏။ ထမင်းမစားဟင်းမစားပင်နေကြ တော့၏။ အိပ်၍လည်း မပျော်နိုင်ကြတော့ပေ။ မိမိတို့၏ နောက်ဆုံးနေ့ကိုသာ ရင်တမမနှင့် စောင့်မျှော်၍ နေကြလေသည်။ ရဲဘော်ထွန်းကျော်မှာမူ မိမိကိုယ်ကို ပိုင်းဖြတ်ပြီးဟန်တူ၏။ တမှိုင်မှိုင်ဖြစ်၍ မနေချေ။ အချုပ်ခန်းရှေ့၌ ကြွေးကြော်တောင်းဆိုသူများကို စူးစူးစိုက်စိုက်ပင် ကြည့်၍နေလေသည်။
သူတို့အပေါ် ပြည်သူ့တော်လှန်ရေးတရားခုံရုံး သဘာပတိအဖွဲ့ နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တို့၏ စွပ်စွဲချက်နှင့် စွဲဆိုချက်များက များလှပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့တပ်မတော် အတွင်း၌ အကြီးဆုံး ဂိုဏ်းခွဲရေးလုပ်သော ထွန်းငြိမ်း၊ ထွန်းရှိန် ဂိုဏ်းသားများ အဖြစ် စွဲဆိုချက်၊ ဥက္ကဋ္ဌသခင်သန်းထွန်းအမှူးပြုသော ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ကို လက်နက်ကိုင် ပုန်ကန်ခြားနားပြီး စင်ပြိုင်ဗဟိုထူထောင်ရာတွင် ထွန်းငြိမ်း၊ ထွန်းရှိန်ဂိုဏ်း၏မိုက်ဖော် ဆိုးဖက် များအဖြစ် စွဲဆိုချက်စသဖြင့် စွပ်စွဲချက်ပေါင်းများစွာ ပါဝင်လေသည်။ တက္ကသိုလ်ကျောင်း သားများခမျာ သေဒဏ်မှတစ်ပါး အခြားမရှိတော့။
ရက်ရက်စက်စက် သတ်ဖြတ်
၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းမှာတော့ တပ်နီလူငယ်များနှင့် တပ်နီအမျိုးသမီးတို့က သူတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ကြပါတော့သည်။ မသတ်မီ မျက်နှာများကိုတံတွေးများနှင့် ထွေးကြ၊ အော်ကြ ဟစ်ကြ၊ ရိုက်ကြနှက်ကြဖြင့် သူတို့သည် လုပ်သမျှ ပြုသမျှကို မလှုပ်မယှက်ပင် ခံနေကြရလေသည်။ မျက်လုံးအစုံတို့မှ မျက်ရည်များမှာမူ စီးကျ၍နေလေသည်။
ထို့နောက် သူတို့ကိုကြိုတင်တူးထားသော ကျင်းများဆီသို့ ချည်တုပ်ထားသော ကြိုးစများ နှင့်ဆွဲ၍ အတင်းဆွဲခေါ်သွားကြသည်။ ရဲဘော်မညွန့်ညွန့် ခေါင်းဆောင်သော အမျိုးသမီးများက လည်း ဝါးရင်းတုတ်များကို မြှောက်၍မြှောက်၍ ကြွေးကြော်သံများ အော်ဟစ်လျက် နောက်မှ ကပ်လျက်လိုက်ပါသွားကြသည်။
ပထမဆုံး ရဲဘော်ဘသန်း ဦးခေါင်းကို ဝါးရင်းတုတ်နှင့် တအားလွှဲ၍ရိုက်ကြ၊ ဓားမြှောင်နှင့်ထိုးကြ၊ လှီးကြဖြတ်ကြပြီးနောက် မညွန့်ညွန့်တို့သည် နှလုံးသွေးနှင့် ခြေဆေးကာ “အောင်ပြီ-အောင်ပြီ” ဟု ကြွေးကြော်နေကြလေသည်။ ရဲဘော်ထွန်းကျော်(ခ)မောင်စိုးဝင်းသည် ကျင်းအနီးသို့ ရောက် သောအခါ မတ်တတ်ရပ်နေရာမှ ပဆစ်တုပ်လျက် ထိုင်ချလိုက်၏။ “ဘယ်လိုသတ်ချင်သလဲ၊ ခေါင်းမော့ရမလား၊ ငုံပေးရမလား” ဟု မေးလိုက်ပြီး လည်တိုင်ကိုမော့၍ ပေးလိုက်သည်။
“အောင်မယ် လူပါးဝလိုက်တာ၊ တို့သတ်ချင်သလို သတ်မှာပေါ့”ဟု ရဲဘော် မခင်ဝင်းသည် ပြောပြောဆိုဆိုပင် လက်တွင်အသင့်ကိုင်ဆောင် ထားသော ဝါးရင်းတုတ်နှင့် ရဲဘော်ထွန်းကျော် ၏လည်မျိုကိုတအား လွှဲ၍ရိုက်ချလိုက်သည်။
ရဲဘော်ဘိုးသာ(ခ)မောင်ကျော်ခင်ကမူရင်ကိုကော့လျက် မျက်နှာကိုတင်းပြီးလျှင် “နင်တို့ ငါ့ကိုဘာနဲ့သတ်မလဲ၊ သေနတ်နဲ့သတ်မလား၊ ဓားနဲ့သတ်မလား၊ တုတ်နဲ့သတ်မလား၊ ကြိုက်တာ နဲ့သတ်ကြဟေ့”ဟူ၍ အသံပြတ်ပြတ်ဖြင့် အော်ပြောလိုက်၏။
ရဲဘော်ခင်ဝင်းကမူ သခင်သန်းထွန်းအား စိမ်းစိမ်းဝါးဝါးကြည့် လျက် “သော်-ဥက္ကဋ္ဌကြီးဆိုတာဒါလား၊ ခင်ဗျားသမိုင်းကိုတော့ ဆက်ပြီး လေ့လာကြဦးပေါ့ဗျာ”ဟု ပြောလိုက်၏။ “ဟေ့ကောင် မပြောနဲ့ မပြော နဲ့” ဟုဆိုကာ ရဲဘော်သက်သည် ရဲဘော်ခင်ဝင်း၏ ပါးစပ်အား အတင်းလိုက်၍ပိတ်ခိုင်းလိုက်သည်။
ကျင်းအနီးသို့ ရောက်သောအခါတွင် ရဲဘော်ခင်ဝင်းအား တွန်းလှဲ လိုက်ကြပြီး ခြေထောက်မှ ဦးခေါင်း၊ ဦးခေါင်းမှခြေထောက် စသည်ဖြင့် ငါးဖယ်တေသကဲ့သို့ ရိုက်သတ်ကြလေသည်။ လည်ချောင်းအား ဓားမြှောင်နှင့် ထိုးစိုက်ကြသည်။ ထွက်၍လာသော လည်ချောင်းသွေး များဖြင့် ခြေဆေးကြပြန်သည်။
သခင်သန်းထွန်း၏ မျက်နှာတွင် အတိုင်းမသိသော ပီတိ၊ ဖော်မပြ နိုင်သော ဝမ်းသာမှု၊ အကြည်နူးဆုံးသော ခံစားချက်တို့ကို စုစည်းဖော် ပြလျက် အထူးပင်ပေါ်လွင်၍ နေလေသည်။ တပ်နီအမျိုးသမီးများ၏ “ဥက္ကဋ္ဌကြီး သခင်သန်းထွန်း သက်တော်ရာကျော်ရှည်ပါစေ၊ အောင်ပြီ၊
အောင်ပြီ၊ တို့အောင်ပြီ”ဟူသည့် ကြွေးကြော်သံကား တောအနှံ့တောင်အနှံ့ပင် ပဲ့တင်ထပ်၍ နေလေတော့သည်။
လူငယ်များသည် ရှေ့တန်းက ထွက်ပေါ်လာကြ
“ဒီမိုကရေစီ ရရှိရေး -တို့အရေး၊ တို့အရေး”ဟူသည့် ကြွေးကြော်သံ များနှင့်အတူ ပေါ်ပေါက်လာသည့် ၁၉၈၈ ခုနှစ် အရေးအခင်းကာလ တွင်လည်း ခေတ်ပြိုင်မျိုးဆက် လူငယ်များသည် ရှေ့တန်းကထွက်ပေါ်လာကြပြန်သည်။
နိုင်ငံရေးသမားလက်ဟောင်းလက်သစ်တို့ကတော့ ဒီမိုကရေစီရရှိ ရေးထက် ကြားဖြတ်အစိုးရဖွဲ့ စည်းရေးကို ပို၍မျှော်လင့်တောင့်တနေကြသည်။ တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်သည့်အခါတွင်မူ သူတို့သည် ပါတီထောင်နိုင်ရေး၊ မှတ်ပုံတင်နိုင်ရေး၊ ရွေးကောက် ပွဲဝင်နိုင်ရေးတို့ဖြင့် အလုပ်များနေကြပြန်ပါသည်။ လှုပ်ရှားတက်ကြွသူလူငယ်အချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏သေ့ဘောဘိုး၊ မာနယ်ပလော၊ ပါဂျောင်စသည့်နယ် စပ်စခန်းတွေ မှာ ဘဝဆက်လက်ရှင်သန်ရေးအတွက် ပင်ပန်းကြီးစွာရုန်းကန်လျက်။
၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)။ နိုင်ငံတော်၏ ထိုနေ့ထူးနေ့မြတ် အခါသမယဝယ် ABSDF(NB) အဖွဲ့ တည်ရှိရာ ကချင်ပြည်နယ် ပါဂျောင်ဒေသ အာဆံကုန်းတွင် မန္တလေး ဗကသ ဗဟိုကော်မတီ ဥက္ကဋ္ဌ ထွန်းအောင်ကျော်၊ မန္တလေး ယူဂျီ တာဝန်ခံဟောင်း၊ ဗဟိုကော်မတီဝင်၊ နိုင်ငံရေးသင်တန်းမှူး ချိုကြီး(ခ)ဖရက်ဒီ အောင်သန်း၊ မခင်ချိုဦး(ရန်ကုန်၊ ကမာရွတ်)အပါအဝင် တောခိုကျောင်းသား ( ၁၅ ဦးကို လုပ်ဖော်ကိုင်ဖက်အချင်းချင်းက သွေးအေးအေးနှင့် အစုလိုက်အပြုံလိုက် ဓားနှင့်ခုတ်သတ်ခဲ့သည့် ဖြစ်ရပ်က ဖုံးမရဖိမရ ပေါ်ပေါက်လာပြန်ပါသည်။
တောခိုကျောင်းသားများကို စွဲဆိုချက်ကတော့ နဝတစစ်အစိုးရက ABSDF(NB) ထဲတွင် ကြိုတင်မြှုပ်နှံထားသော စစ်ထောက်လှမ်းရေးများဟူသည့် စွပ်စွဲချက်ပင်ဖြစ်လေသည်။
ထိုသို့သော ထောက်လှမ်းရေးဟူသည့် စွပ်စွဲချက်ကြောင့်ပင် ABSDF(NB)အဖွဲ့ တည်ရှိရာ ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် လုပ်ဖော်ကိုင်ဖက်ချင်း နည်းလမ်းပေါင်းစုံနှင့် နှိပ်စက်ညှဉ်း ပန်းခံ ခဲ့ရသူများ၊ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသူများ အများအပြားရှိခဲ့သည်။ အချို့ လူငယ်ကျောင်းသားများမှာ ပေါက်ပြားဖြင့် ခုတ်သတ် ခံရသည်။ အချို့က နံချပ်ကူဖြင့် မသေမချင်း ရိုက်အသတ်ခံရသည်။ အချို့ကား ဓားနှင့် ခုတ်သတ်ဖြတ်ခြင်း ခံခဲ့ကြရရှာသည်။ စုစုပေါင်း အဖမ်းခံရသူ၁၀၆ ယောက်အနက်အသက်ရှင်သူ ၇၁ ယောက်၊ သေဆုံး သူ ၃၅ ယောက်ရှိခဲ့သည်။ နောက်ဆုံးတွင် မိမိသဘောဖြင့် အိမ်ပြန် သွားသူ၊ အခြားအဖွဲ့ထံ ခိုလှုံသွားသူ၊ တရုတ်နယ်စပ်တွင် ခိုကပ်လုပ်ကိုင်စားနေသူ၊ ဒုက္ခသည်စခန်းများမှတစ်ဆင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိသွားသူများဖြင့် ဇာတ်ခေါင်းကွဲခဲ့ရလေသည်။
အာဏာရရှိရေးအတွက် အသုံးချ
နိုင်ငံရေးသမားများ၏ မရိုးသားမှု၊ မဲမသမာမှုတို့ကြောင့် နောက် ဆက်တွဲ ပေါ်ပေါက်လာခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ် နောက်ပိုင်းတွင်လည်း အာဏာရ ပါတီနိုင်ငံရေးသမားများသည် ဖြူစင်ရိုးသားသော၊ တက်ကြွသော၊ စွန့်စားလိုသော လူငယ်ထုကို ၎င်းတို့၏ နိုင်ငံရေးလိုဘအာဏာရရှိ ရေးအတွက် အသုံးချလာကြပြန်ပါသည်။
နွေဦးတော်လှန်ရေးနှင့် ဂျီဇက်များ၊ ကဗျာဆန်ဆန် အားမာန်ပါသော စကားလုံးများကား ကျွန်တော်တို့လူငယ်ဘဝက ခေတ်ပြိုင်လူငယ်များကိုဆွဲဆောင်ခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သို့နှယ် လူငယ်ထုကို ညို့ယူဖမ်းစား နိုင်ခဲ့ပါသည်။ ဦးခေါင်းတွင် ဖိုက်ဘာဦးထုပ်၊ လက်ထဲ၌ဒိုင်းကာနှင့် လူငယ်စတိုင် တီရှပ်၊ ဂျာကင်၊ ဘောင်းဘီတွဲဖက်ညီစွာ ဝတ်စားဆင်ယင် ထားသော ဂျီဇက်ကလေးများသည် ဟောင်ကောင် ဆန္ဒပြ လှုပ်ရှားမှုဖြစ်စဉ်ကဲ့သို့ပင် ကမ္ဘာကျော်သွားခဲ့သည်။
သို့ရာတွင် လူငယ်ထုအတွင်း၌ အဝတ်အစားတွေ၊ ကြွေးကြော်သံ တွေသာ ပြောင်းလဲသွားပါမည်။ မပြောင်းလဲသည့် အတွင်းသားက ပါးနပ်သော၊ ကောက်ကျစ်သော နောက်ကွယ်က နိုင်ငံရေး သမားအမည်ခံကိုယ်ကျိုးရှာ အာဏာရူးများ၏ လူငယ်ထုအပေါ် အသုံးချမှု။ သူတို့သည်မင်း သားကြီးမလုပ်ရ ပတ်မကြီးထိုးဖောက်၊ မစားရသည့်အမဲသဲနှင့်ပက်သည့်အလား လူငယ်အချို့ကို အကြမ်းဖက်သမားများအဖြစ် တဖြည်းဖြည်း ပုံဖော်သွတ်သွင်းလာခဲ့ကြသည်။
ပြီးခဲ့သည့် လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း လွှတ်တော်ထဲ၌ လက်ညှိုးထောင် ခေါင်းညိတ်၊ မလုပ်၊ မရှုပ်၊ မပြုတ်ထိုင်နေခဲ့ကြသည့် အာဏာရပါတီ လွှတ်တော်ကိုယ်စားလှယ်အများစုသည် အာဏာ လက်မဲ့ဘဝတွင်မူ ခြေသွက်လက်သွက်ဖြင့် အကြမ်းဖက်မှုများကို ကျည်ကွယ် မျက်ကွယ်ရာ လွတ်မြောက်နယ်မြေများမှ ကြိုးကိုင်စီမံကြ လေတော့သည်။ လူငယ်အချို့ကို တိုင်းရင်းသားလက်နက်ကိုင်နယ် မြေအချို့သို့ စေလွှတ်၍ ဖောက်ခွဲရေးနည်းသင်တန်းများသို့ တက် ရောက်စေခဲ့သည်။ သင်တန်းပြီးလျှင် မြို့ကြီးများတွင် အကြမ်းဖက် ဖောက်ခွဲရန် ညွှန်ကြား သည်။ အမြင်မတူသူများကို လုပ်ကြံသတ်ဖြတ် စေခြင်းမှအစ အကြမ်းဖက်မှုမျိုးစုံကိုစေခိုင်း လေသည်။
အကြမ်းဖက်သမားများဖြစ်မှန်းမသိ ဖြစ်လာ
ဤသို့ဖြင့် စွန့်စားလိုစိတ်၊ စူးစမ်းလိုစိတ် လူငယ်ဗီဇရှိကြသူ လူငယ်အချို့သည် သူတို့ကိုယ်၌ မသိလိုက်မသိဘာသာ အကြမ်းဖက် သမားများဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြသည်။ အချို့က တိုင်းရင်းသား လက်နက်ကိုင်စခန်းအချို့တွင် ပင်ပန်းကြီးစွာ ရုန်းကန်ရလျက်၊ အချို့ ကား အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် တရားဥပဒေအရ အရေးယူမှုကို ခံယူကြရပြီး လူငယ်ဘဝ ပျောက်ဆုံးလျက်၊ အနာဂတ်မဲ့လျက်။ အချို့ကသေဆုံးခဲ့ကြရသည်အထိ ပေးဆပ်ခဲ့ကြရသည်။ သူတို့ကိုစေခိုင်းသူ၊ လှုံ့ဆော်သူ နောက်ကွယ်မှ ဆရာကြီး အများစုကမူ အန်ကယ်ဆမ်တို့ နေရပ်တွင် မိသားစုလိုက် ဘဝသစ်ကို အခြေချတည်ဆောက်လျက်။ လူငယ်ထုဟာ ခေတ်အ ဆက်ဆက် အသုံးချခံ သက်သက်လေလား။
“သူတို့မွေးဖွားလာသော မြန်မာနိုင်ငံသည် ကမ္ဘာ့မိသားစုဝင်အဖြစ် တင့်တယ်လျက်ရှိပြီ။ ကမ္ဘာသည်လည်း အဝေးကွာကြီးမဟုတ်တော့။ အိမ်ပေါက်ဝမှာရှိနေသည်။ ထို့ကြောင့် ယခုခေတ် လူငယ်များ အမြင်ကျယ်သည်။ အတုယူလွယ်သည်။ အကောင်းအတုယူတတ်သလို အဆိုးကိုလည်း ယူတတ်သည်။ တစ်နေ့တွင် အကောင်းအဆိုး ခွဲခြား သိမြင်၍ သူတို့ဆင်ခြင် ကြလိမ့်မည်။ ကျွန်တော်တို့က သူတို့အတွက် ဆုံးဖြတ်ပေးရန် မလွယ်ချေ” ဟူသော ဒေါက်တာ မောင်မောင်၏ “သားမောင်စစ်သည်သို့” စာအုပ်ပါ အတွေးအမြင်များအတိုင်း ကျွန်တော်တို့ အဘိုးကြီးများက သူတို့အတွက် ဆုံးဖြတ်ပေးရန် မလွယ် ချေ။ တစ်နေ့တွင် အကောင်းအဆိုး ခွဲခြားသိမြင်၍ သူတို့ဆင်ခြင်ကြလိမ့်မည်ဟု မျှော်လင့်ရင်းဖြင့် ...... ။ ။
စာချစ်သူ
No comments:
Post a Comment