Tuesday, September 28, 2021

မန်းရွှေစက်တော်ဘုရားကြီးရှိ မန်းချောင်းရေ ပြန်လည်ကျဆင်းသွားပြီး ရင်ပြင်တော်သန့်ရှင်းရေးများ ဆောင်ရွက်

 


မင်းဘူး  စက်တင်ဘာ   ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးရှိ မန်းချောင်းရေသည် ယနေ့နံနက်ပိုင်း က ပြန်လည်ကျဆင်းသွားပြီး ရင်ပြင်တော်သန့်ရှင်းရေးများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေစက်တော်ဘုရား မန်းချောင်းအထက်ပိုင်းရှိဒေသများတွင် ယခုရက်ပိုင်း မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယမန်နေ့နံနက်ပိုင်းက မန်းချောင်းရေများတိုးမြင့်လာကာ အောက်ခြေတော်ရာ ရင်ပြင်အထက် တစ်ပေခန့် ဖြတ်ကျော်စီးဆင်းခဲ့ပြီးနောက် မန်းချောင်းရေသည် ယနေ့နံနက်ပိုင်း က ရင်ပြင်တော်အောက် နှစ်ပေခန့် ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း ဘုရားကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးကြည်လွင် က ပြောသည်။

ယခုနှစ်မိုးရာသီအတွင်း ဩဂုတ်လ ရက်နေ့က နှစ်ပေခွဲခန့် တစ်ကြိမ်နှင့် စက်တင်ဘာ ၂၇ ရက်နေ့က တစ်ပေခန့် စုစုပေါင်းနှစ်ကြိမ်တိုင်တိုင် ရင်ပြင်တော်ပေါ်သို့ ဖြတ်ကျော်စီးဆင်းခဲ့ကြောင်း သိရသည်။

မန်းချောင်းရေကျဆင်းသွားသည့်အတွက် အောက်ခြေတော်ရာ ရင်ပြင်တော်အပေါ်၌ ရေစီးနှင့် အတူမျောပါကျန်ရစ်ခဲ့သော အမှိုက်သရိုက်နှင့် နှုန်းမြေများ ဆယ်ယူရှင်းလင်းခြင်း၊ ရင်ပြင်တော်ဆေးကြော သန့်စင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင်များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘုရားကြီးအနီးနားရှိ ဒေသခံပြည်သူများက စုပေါင်း ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း  မန်းရွှေစက်တော်ဘုရား ကျန်းမာသန့်ရှင်းတာဝန်ခံ ဦးမြင့်နိုင် (ငဖဲ) ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)


 

No comments:

Post a Comment