Tuesday, September 28, 2021

ဟင်္သာတမြို့နယ်တွင် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြကျေးရွာရွေးချယ်




ဟင်္သာတ  စက်တင်ဘာ  ၂၈

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုကို လျော့ချစေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် သောကျေးရွာများပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရာ ထိုကျေးရွာများထဲမှ အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာနှင့်အညီ စံပြကျေးရွာ ရွေးချယ်နိုင်ရေးအတွက် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမြင့်နှင့်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ မရမ်းချိုကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဟင်္သာတမြို့နယ်အနေဖြင့် မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်း၊ ရေရရှိရေးလုပ်ငန်းနှင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် ကျေးရွာများထဲမှ ကျေးရွာ(၁၂) ရွာအား ရွေးချယ်ဆောင်ရွက်ခဲ့ပြီး ဩဂုတ်လတွင် အဆိုပါကျေးရွာ များအား အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် သဘာဝပတ်ဝန်းကျင် နှင့်ညီညွှတ်သော အဆောက်အအုံများတည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချခြင်း၊ ရေလေလွင့်ဆုံးရှုံးမှုလျော့ချခြင်း၊ ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ စွမ်းအင်ရရှိမှုနှင့် အကျိုးရှိစွာ အသုံးချခြင်း၊ ရိတ်သိမ်းချိန် လွန်နည်းပညာအသုံးချခြင်း၊ လေလွင့်ဆုံးရှုံးမှုလျော့ နည်းစေရန်စီမံခြင်း ဓာတုဗေဒစိုက်ပျိုးပစ္စည်းများကို သုံးစွဲခြင်းကို လျော့ချခြင်း၊ မြေယာပြုပြင်ခြင်းနှင့် မြေဆီလွှာတိုက်စားမှု ကာကွယ်ခြင်းစသည့် လိုက်နာရမည့် အခြေခံအချက်များအား ကြိုတင်သင်တန်း ပို့ချပေးခဲ့ပြီး ကျေးရွာများထဲမှ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာနှင့်အညီ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးညီညီဆွေထံမှ သိရသည်။

ကိုဇော် - ဟင်္သာတ

No comments:

Post a Comment