Monday, September 6, 2021

ဝန်းသိုမြို့၌ တောင်သူစွမ်းဆောင်ရည်မြှင့် သင်တန်းနှင့် ဓာတ်မြေဩဇာ၊ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

 


ဝန်းသို စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တောင်သူစွမ်းဆောင်ရည်မြှင့်သင်တန်းနှင့် ဓာတ်မြေဩဇာ၊ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းသိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေနှင့် တာဝန်ရှိသူများက မြေအသုံးချရေးဘာသာရပ်၊ မြေဩဇာ(သုံး)မျိုး၊ ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျသုံးစွဲနည်း၊ ရွက်ဖျန်းမြေဩဇာပြုလုပ်နည်း၊ မျိုးစေ့ ဘာသာရပ်၊ သီးနှံ ကာကွယ်ရေးဘာသာရပ်၊ ပေါင်းသတ်ဆေးပြုလုပ်နည်း၊ ဖျက်ပိုးနှင့် ရောဂါခွဲခြားနည်း၊ မှိုသတ် ဆေး၊ ကာကွယ်ဆေး၊ ကုသဆေး အမျိုးအစားများ၊ SRI စိုက်ပျိုးနည်းစနစ်၊ စပါးအထွက်နှုန်း တိုးတက်ရေး သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်၊ စပါးတိုက်ရိုက်မျိုးစေ့ချ(အစို)စိုက်ပျိုးနည်းစနစ်၊ ဝါမျိုးစေ့စိုက်ပျိုးနည်းစနစ် စသည့် ဘာသာရပ်များကို တစ်ရက်ကြာသင်ကြားပို့ချပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန တို့မှ မြို့နယ်ဦးစီးမှူးများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူ(၂၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတက်ရောက်လာသော တောင်သူများကို မိုးစပါးအထွက်နှုန်း တိုးတက်ရေးအတွက် ပံ့ပိုးပစ္စည်းနှင့် Home Garden စိုက်ပျိုးရန် ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ မိုးနှောင်းချည်မျှင် ရှည်ဝါစမ်းသပ်စိုက်ပျိုးရေးအတွက် ဝါမျိုးစေ့နှင့်ပံ့ပိုးပစ္စည်းများ၊ ဂျစ်ပဆန် ဓာတ်မြေသြဇာအိတ်များ၊ အသိပညာပေး လက်ကမ်းစာစောင် များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မြိုင်

No comments:

Post a Comment