Monday, September 6, 2021

ကော့ကရိတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး

 


ကော့ကရိတ် စက်တင်ဘာလ ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် သွားလာ၍မရသော  ကျေးရွာအုပ်စုများ ဖြစ်သည့် ဒေါဖျာနှင့် ထီဖိုးစံကျေးရွာ အုပ်စုတို့မှ အသက် (၁၆)နှစ်နှင့် (၁၈) နှစ်အကြားနှင့် အသက် (၁၈) နှစ်နှင့်အထက် ကိုင်ဆောင်လက် မှတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနိုင်ရေးကို ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာရုံးတွင် ခေါ်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်းအောင် ဦးဆောင်သော ဝန်ထမ်းများက အဆိုပါကျေးရွာအုပ်စုများရှိ ကျေးလက်နေပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးကို စနစ်တကျ စိစစ်ပြုလုပ်ပေးခဲ့ရာ အသက် ၁၀နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၁၇) ဦး၊ မ (၉ )ဦးနှင့် အသက် (၁၈ )နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၁၂)ဦး၊ မ (၁၂)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များသို့လည်း နေ့စဉ်ကွင်းဆင်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းမှာ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရန်အတွက် ကျေးရွာအုပ် (၅၃)အုပ်စုနဲ့ ရပ်ကွက် (၁၁)ရပ်ကွက်ရှိပြီး ယနေ့အထိ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအုပ်စု (၁၀)အုပ်စုနှင့် ရပ်ကွက် (၄)ရပ်ကွက်တို့ကို ပြုလုပ်ပေးပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှ သိရသည်။

စောအောင်မျိုးလွင် (ပြန် / ဆက်)

No comments:

Post a Comment