နေပြည်တော် စက်တင်ဘာ ၂
ကင်းတားရေလှောင်တမံ ရေသောက်ဧရိယာတွင် စပါး၊ ချည်မျှင်ရှည်ဝါနှင့် သီးနှံစုံ တစ်နှစ် သုံးသီး စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးနှံများအထွက်နှုန်းကောင်းမွန်ရေး အားပေးကူညီ လျက်ရှိ ကြောင်း၊ ဓာတ်မြေသြဇာများ စနစ်တကျအသုံးချရေး၊ သဘာဝမြေသြဇာ နှင့် သစ်စိမ်းမြေဩဇာ အသုံးချရေး၊ ဆည်၊ ကန်၊ ရေလှောင် တမံများ ရေရှည်တည်တံ့ပြီး ရေကိုအလေအလွင့်မရှိစေဘဲ အကျိုးရှိထိ ရောက်စွာ အသုံးပြုနိုင်ရေးနှင့် သဘာဝဘေးကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း စက်တင်ဘာ ၁ ရက်က ကင်းတားရေလှောင်တမံ၊ ကင်းတား ရေလွှဲဆည်နှင့် ရေသောက် စနစ်များကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တာဝန်ရှိသူများကို ဆွေးနွေး ပြောကြားသည်။
တစ်နှစ်သုံးသီးစိုက်ပျိုး
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပန်းလောင် မြစ်ပေါ်တွင် တည်ဆောက်ထားသည့် ကင်းတားရေလှောင်တမံနှင့် ကင်းတားရေလွှဲဆည်များ၏ ရေသောက်စနစ်အတွင်း၌ နှစ်စဉ် စပါး ၊ ချည်မျှင်ရှည်ဝါ ၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ ဧက တစ်သိန်းငါးသောင်းကျော် ဆောင်ရွက်လျက်ရှိရာ ရေသောက်စနစ်များ အဆင့်မြှင့်တင်ခြင်း၊ စိုက်ပျိုးရေပေးဝေမှုနှင့် ရေစီမံခန့်ခွဲမှုနည်းပညာ အသုံးပြုခြင်း၊ ရေလိုအပ်ချက်နည်းပြီး ဝင်ငွေရ သီးနှံ အမယ်သစ်များကို စပါးအခြေခံသီးနှံပုံစံတွင်ပြောင်းလဲစိုက်ပျိုးနိုင်ရေး ဆောင်ရွက် ပေးခြင်းဖြင့် စပါးအပါအဝင် သီးနှံစုံကို တစ်နှစ်သုံးသီး စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဦးစီးဌာနများ ပူးပေါင်း၍ လိုအပ် ချက်များ ဖြည့်ဆည်းကူညီမှု ပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ယနေ့ ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝမ်းတွင်းမြို့နယ် ရွှေတောင်ခြံသို့ ရောက်ရှိ ကြပြီး ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်း များကို လည်းကောင်း၊ မျိုးအဖြစ် အသုံးပြုမည့် ဝါစေ့များ အပင်ပေါက်အားကောင်းမွန်စေရန်နှင့် စက်ဖြင့် အစေ့ချစိုက်ပျိုးနိုင်ရေး အတွက် ဝါစေ့အမွေးချွတ် သရုပ်ပြခြင်းကိုလည်းကောင်း၊ ချည်မျှင်ရှည်ဝါ စိုက်ခင်းအား ခေတ်မီစက်ကိရိယာအသုံးပြု ဆေးဖျန်းနေမှုကိုလည်းကောင်း၊ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန် ကျေးရွာရှိ ဝါမျိုးစေ့ထုတ်စိုက်ခင်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဝါစိုက်တောင်သူ များ၊ ဝါလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးသည်။
တိုးမြှင့်တင်သွင်းအသုံးပြု
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝါမျိုးကောင်းမျိုးသန့်များ တိုးတက်စိုက်ပျိုးနိုင်ရေးနှင့် တစ်ဧကအထွက်နှုန်းတိုးရေးအတွက်တောင်သူနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း၍ အကျိုးတူလယ်ယာစနစ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယာသီး နှံစိုက်ပျိုးစရိတ်ချေးငွေ အချိန်မီရရှိရေးနှင့် ဝါစိုက်ပျိုးလုပ်ငန်းအတွက် စိုက်ပျိုးစရိတ် ချေးငွေ တိုးမြှင့်ရရှိရေး၊ အထွက်နှုန်းနှင့် အရည် အသွေး ပိုမိုမြင့်မားသော ပြည်ပမျိုးကောင်း မျိုးသန့်များ တိုးမြှင့်တင်သွင်းအသုံးပြုနိုင်ရေးတို့ကို ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ။
ထို့နောက် ဝါစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီလယ်ယာသုံးစက်ကိရိယာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေ စီမံခန့်ခွဲရေး၊ မျိုးနှင့်သွင်းအားစုဆိုင်ရာ လိုအပ်ချက်များကို ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင် များနှင့် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment