Friday, September 3, 2021

မြန်မာသင်္ဘော သားဦးရေ ၅၀၀၀ ကို ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

 ရန်ကုန် စက်တင်ဘာ ၂

 

တရုတ်ကုန်သည်များအသင်းနှင့် မီးပြတိုက်လူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ မြန်မာသင်္ဘော သားဦး ရေ ၅၀၀၀ ကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား စက်တင်ဘာ ၁ ရက်ကစ၍ သတ်မှတ်နေရာတို့တွင် ထိုးနှံပေးနေကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော သင်္ဘောသားတစ်သိန်း ကျော်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကြောင့် ကာကွယ်ဆေး ထိုးနှံပြီးသူများကို သင်္ဘောလိုင်းများက ဦးစားပေးခေါ်ယူ နေသည့် အတွက် နိုင်ငံတကာသင်္ဘောများတွင် ပြန်လည်လိုက်ပါ၍ အလုပ်အကိုင် အခွင့်အလမ်း ပြန်လည်ရရှိရန်နှင့် ကာကွယ်ဆေး ကြိုတင်ထိုးနှံမှုဖြင့် ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ် နိုင်ရန် ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

သင်္ဘောသား၅၀၀၀ အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဝယ်ယူထားပြီး မနေ့ကစပြီး ပထမအကြိမ် လူဦးရေ ၂၅၀၀ ကို သတ်မှတ်နေရာတွေမှာ ထိုးနှံပေးနေပါတယ်။ ဆေးနှစ်ကြိမ် ထိုးရမှာဖြစ်ပြီး တစ်ဦးကို ငွေကျပ် ၆၀၀၀၀ ကျပါတယ်။ လက်ရှိ သင်္ဘောလိုက်နေတဲ့ လူဦးရေ ၃၀၀၀၀ နီးပါးမှာ ဆေးမထိုးရသေးတဲ့ သင်္ဘောသား ၂၀၀၀၀ အထက်မှာရှိတယ်။ သင်္ဘော ကုမ္ပဏီတွေက ကာကွယ်ဆေးထိုးနှံထားသူတွေကို ဦးစားပေး သင်္ဘောတက်ဖို့ ကန့်သတ်ချက်နဲ့ နိုင်ငံတကာဆိပ်ကမ်းတွေမှာ ထိတွေ့ဆက်ဆံရတဲ့အခါ ဆေးထိုးထားရင် အသက်ကို ကာကွယ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဆက်လက်ရှင်သန်နေမှာဖြစ်တဲ့အတွက် အဲဒါ ကြောင့် ကာကွယ်ဆေးထိုးနှံဖို့ ဆောင်ရွက်ခဲ့တာပါဟု သင်္ဘောသား များဖြင့် ဖွဲ့စည်းထား သော မီးပြတိုက်လူမှုကူညီရေးအသင်းမှ ကပ္ပတိန် ဦးစိန်သန်းက ပြောသည်။

 

ကနဦးအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို သင်္ဘောသား ၅၀၀၀ အား ထိုးနှံပြီးပါက သင်္ဘောသား ၂၀၀၀၀ ကို ဆက်လက် ထိုးနှံနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ညိမ်းသူ (သတင်းစဉ်)

No comments:

Post a Comment