Tuesday, September 7, 2021

မြစ်သားမြို့နယ်အတွင်း ကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

 



မြစ်သား၊ စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အရ မြစ်သားမြို့နယ်အတွင်းမှ ကျေးရွာ ၁၅ ရွာ၌ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီနှင့် ဒေသခံ ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က ပြောပြသည်။

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာအဝင်နှင့် ကျေးရွာတွင်း လမ်းများ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း(၁၂)ခု၊ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းတစ်ခု၊ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း နှစ်ခု၊ စုစုပေါင်းကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း(၁၅)ခုကို စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်သန်း (၁၅၀)၊ ပြည်သူထည့်ဝင်ငွေကျပ် ၄၃ဒသမ ၇၈ သန်း စုစုပေါင်းငွေကျပ် ၁၉၃ ဒသမ ၇၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က ဆက်လက်ပြောပြသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၁၅ ရွာ ရှိ ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)

 

No comments:

Post a Comment