Monday, September 6, 2021

ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် ဝါအထွက်နှုန်းမြင့်မားရေးအတွက် နည်းပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

 



မြင်းမူ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်  ၊မြင်းမူမြို့နယ်အနေဖြင့်   ယခုနှစ်စိုက်ပျိုးရာသီ အတွင်း ဝါမျိုးစုံ(၁၉၅၂၀)ဧကစိုက်ပျိုးရန် လျှာထားဆောင်ရွက်လျက်ရှိရာ ဝါမျိုးကောင်းမျိုးသန့် ထောင်ပံ့ပေးအပ်ခြင်းနှင့် ဝါစိုက်ဧကပိုမိုစိုက်ပျိုးလာရေး၊   ဝါအထွက်မြင့်မားရေးနည်းပညာပေး လုပ်ငန်းများကို    မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာများအရောက်ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရသည်။

တောင်သူနည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် MOHS  မှထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ အထွက်နှုန်းကောင်းမွန်ရေးအတွက် တောင်သူများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဝါသီးနှံတွင် အဓိကကျရောက်တတ်သည့်ပိုးမွှားများကို  ဘက်စုံနည်းဖြင့်ကာကွယ်နှိမ်နင်းနည်းများ၊ အကျိုးပြုမိတ်ဆွေပိုးများနှင့် ဝါပင်တွင် အဓိကလိုအပ်သည့် အာဟာရဓါတ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူများ၏သိရှိလိုသည့်မေးမြန်းမှုများကိုပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှုးဦးရဲမြင့်သိန်းထံမှသိရှိရသည်။

ဝါအမျိုးအစားများအနေဖြင့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေခြည်(၉)၊ ငွေခြည်(၁၁)နှင့် ငွေခြည်(၆)မျိုးများကို စိုက်ပျိုးကြရာ အဓိကအားဖြင့်ဒေသနှင့်ကိုက်ညီပြီးအထွက်နှုန်းကောင်း  မွန်သည့် ရွှေတောင်(၈)မျိုးကို  အများအပြားစိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက်ဝါ (၁) ဧကလျှင် ဝါပိဿာချိန်(၆၀၀)ခန့်နှင့် ဖြည့်စွက်ရေထပ်ပေးပြီး စိုက်ပျိုးနိုင်ပါက  ဝါပိဿာချိန်(၈၀၀)ခန့် ထွက်ရှိနိုင်ကာ   စက်တင်ဘာလနှင့်အောက်တိုဘာလများတွင်   စတင်ကောက်ယူကြကြောင်း သိရသည်။

ယခုအခါ မြင်းမူမြို့နယ်အနေဖြင့် ဝါဧက(၉၅၀၀)ကို စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် လက်ရှိတစ်ပိဿာလျှင်(၁၄၀၀)ကျပ်ဖြင့် ပြင်ပတွင် ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)

No comments:

Post a Comment