Thursday, September 23, 2021

တာချီလိတ်မြို့ရှိ ဝမ်လုံကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခြင်း

 

 



တာချီလိတ်  စက်တင်ဘာ  ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ  ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးပရဟိတ အဖွဲ့အစည်းများ၊ ဒေသခံ မြို့မိမြို့ဖများနှင့် မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့များ  ပူးပေါင်းပြီး ကိုဗစ်-၁၉ ကူးစက် မြန်ရောဂါ  ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှု  လျော့နည်းစေရန်အတွက်  စွမ်းစွမ်း တမံ ဆောင်ရွက်လျက်ရှိပါတယ်။

 

ထိုသို့ ဆောင်ရွက်ရာတွင် တာချီလိတ်မြို့ရှိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများကို ကန့်သတ် ထားရှိသည့် ဝမ်လုံးကုသရေးစင်တာ၏ တာဝန်ခံ၊ မေတ္တာရှင်လူမှုကူညီရေးအသင်းဥက္ကဌ ဦးဗိုလ်စံ အား ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

 

မေး။   မင်္ဂလာပါ ဆရာရှင့်-    တာချီလိတ်မြို့နယ်က ဝမ်လုံး ကုသရေးစင်တာအနေနဲ့   ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို ဘယ်အချိန်က စတင်ဖွင့်လှစ်ပြီး လက်ခံဆောင်ရွက်နေပါ သလဲရှင့်။

 

ဖြေ။    ကျွန်တော်တို့  တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီ၏  တာဝန်ပေးချက်အရ ဝမ်လုံးကုသရေး စင်တာကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်ဖွင့်လှစ်ပြီးတော့ မေတ္တာရှင်လူမှုကူညီရေးအသင်းက ဦးဆောင်ပြီး စတင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

မေး။   ဒီလိုမျိုး ဝမ်လုံးကုသရေးစင်တာကို စတင်ဖွင့်လှစ်ပြီးနောက်မှာ စင်တာကို ရောက်ရှိလာတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာများကို ဆရာတို့အနေနဲ့ ဘယ်လိုစီစဉ်ဆောင်ရွက် ပေးနေပါသလဲရှင့်။

 

ဖြေ။    စင်တာကို ရောက်ရှိလာတဲ့ အတည်ပြုလူနာများကို ကျန်းမာရေး စောင့်ရှောက်မှု အရကတော့ ခရိုင်ပြည်သူ့ဆေးရုံကြီး ဒေါက်တာကြီးကနေ တာဝန်ပေးထားတဲ့ ကျန်းမာရေး ဝန်ထမ်းများ နေ့စဉ်လာရောက်ပါတယ်၊   ဒါ့အပြင် Volunteer ဒေါက်တာ အောင်မင်းညို ဆိုတာ ရှိပါတယ်ဗျ၊ သူကလည်း မနက်(၈)နာရီကနေ၊ ည(၈)နာရီ(၉)နာရီအထိ တာဝန်ယူပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုကိုအနီးကပ် ပြုစုနေပါတယ်ခင်ဗျ။

 

မေး။   တာချီလိတ်မှာဆိုရင် ယခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းမှာဆိုရင် ကိုဗစ်-၁၉ အတည်ပြုလူနာဟာ ယနေ့ထိ (၂၆၇၀) ဦးထိ ရှိခဲ့တယ်၊ အဲကျ ယနေ့လက်ရှိ ဝမ်လုံးကုသရေးစင်တာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ဘယ်လောက်ထိ လက်ခံပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါသလဲရှင့်။

 

ဖြေ။    ဟုတ်ကဲ့ ကျွန်တော်တို့စင်တာ စတင်ဖွင့်လှစ်ပြီးတော့ ယနေ့အချိန်အထိဆို ဒေသခံ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၀၀၀) နီးပါးထိ လက်ခံဆောင်ရွက်ခဲ့ရပါတယ်၊ ဒါ့အပြင် ကျွန်တော်တို့စင်တာမှာ တစ်ခုထူးခြားတာက လာအိုနိုင်ငံနဲ့ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား တွေ ပြန်လာတဲ့အခါလည်း ကျွန်တော်တို့ဆီကိုထားပြီး ကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်၊ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံမှ ပြန်လာတဲ့လူဉီးရေကတော့ (၂၀၀၀)နီးပါးရှိပါပြီခင်ဗျ။

 

မေး။   ကျွန်မတို့ တာချီလိတ်ဟာ နယ်စပ်ဒေသဖြစ်တဲ့  အိမ်နီးချင်း နိုင်ငံတွေရှိပါတယ်၊ ထိုင်းနိုင်ငံရယ်၊ လာအိုနိုင်ငံရယ် အဲနိုင်ငံက နေပြန်လာကြတဲ့ နေရပ်ပြန်ပြည်သူတွေကို    ဆရာ တို့ စင်တာမှာရောက်ရှိပြီဆိုရင်  ဘယ်လိုမျိုး စီစဉ်ပေးရပါသလဲရှင့်။

 

ဖြေ။    ပထမတုန်းက   ထိုင်းနဲ့လာအိုနိုင်ငံက  ပြန်လာတဲ့ပြည်သူတွေကို  သက်ဆိုင်ရာ ဆေးစစ်ဌာနမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်လိုက်တယ် RDT စနစ်နဲ့စစ်လိုက်တယ်၊ ရောဂါပိုး တွေ့ရှိသူများကို ကျွန်တော်တို့ ကုသရေးစင်တာကို ပို့လိုက်တယ်၊ ရောဂါပိုး ကင်းရှင်းတဲ့ သူတွေကို   သူတို့ရဲ့နေရပ်တွေကို  အသီသီးပြန်လည် ပို့ဆောင်ပေးတယ်၊  အဲဒီတုန်းက ကျွန်တော်တို့ ချက်ပြုတ်ရေး အဆင်ပြေတာပေါ့ဗျာ၊ အခုနောက်ပိုင်းကျတော့ ရောဂါပိုး တွေ့တဲ့လူကော၊ မတွေ့တဲ့လူကော အားလုံးကျွန်တော်တို့ စင်တာမှာ ခေတ္တခဏ ထားရှိတာပေါ့နော်၊ အဲလို ခေတ္တထားပြီး ဒုတိယအကြိမ် အာခေါင်၊ နှာခေါင်းတို့ဖတ်တွေ ယူပြီးတော့ တောင်ကြီးကို ဆက်လက်ပေးပို့ပြီး စစ်ပါတယ်၊ အနည်းဆုံးသုံးရက်၊ ငါးရက်ကြာပါ တယ်ခင်ဗျ၊ အဲအချိန်မှာ   ချက်ပြုတ်ရေး အခက်အခဲရှိတော့ နေရပ်ပြန်များ စားသောက်ရေး အတွက်  တာချီလိတ်မြို့ရဲ့  မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ ကနေပြီး တာဝန်ယူပြီး ချက်ပြုတ်လှူဒါန်း နေတာဖြစ်ပြီး နေရပ်ပြန်ပြည်သူများကို အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ် ခင်ဗျ။

 

မေး။   ယခု ကုသရေးစင်တာမှာ   ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့    ကိုဗစ်-၁၉ အတည်ပြုလူနာများကို စားသောက်ရေးအတွက် ဘယ်လိုစီစဉ်ဆောင် ရွက်ပေးရပါသလဲရှင့်။

 

ဖြေ။    ကျွန်တော်တို့ အတည်ပြုလူနာများကို တစ်ခါတစ်ရံ ဒေသခံများ၊ မြို့မိမြို့ဖများ၊  ရပ်မိရပ်ဖများ၊ ပြည်သူများကနေ လှူဒါန်းပါတယ်ခင်ဗျ၊ အလှူရှင်တွေ ရှိပါတယ်ခင်ဗျ၊  အလှူရှင် မရှိတဲ့နေ့မှာဆိုရင်  ကျွန်တော်တို့   မေတ္တာရှင် လူမှုကူညီရေးအသင်း ချက်ပြုတ်ရေးအဖွဲ့ကနေ တာဝန်ယူချက်ပြုတ်ပြီး ကျွေးမွေးစောင့်ရှောက်ပါတယ် ခင်ဗျ။

 

မေး။   ယခုလို စောင့်ရှောက်မှုပေးနေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲကနေ ရောဂါအခံရှိတဲ့ လူနာတွေလည်း ပါလာနိုင်တယ်ပေါ့ ဆရာ၊ အဲလိုမျိုး အခြေအနေ အရေးပေါ် လူနာတွေရှိရင် ဆရာတို့အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးနေပါသလဲရှင့်။

 

ဖြေ။    လူနာတွေထဲက တစ်ချို့က   အသက်ရှူမဝတော့ဘူးဆိုပြီး  အောက်ဆီဂျင်ကျတာတို့ ရှိပါတယ်၊ အဲလို အခြေအနေမျိုးဆိုရင် ကျွန်တော်တို့ စင်တာမှာ အောက်ဆီဂျင် အဆင်သင့် ထားရှိပါတယ်၊ ရောဂါခံစားနေရတဲ့လူနာဆီကို အမြန်ဆုံးပို့ပြီး(၁၅)မိနစ်လောက် ဒေါက်တာတွေ ညွှန်ပြသည့် အတိုင်းအောက်ဆီဂျင်ပေးပါတယ်၊ ပေးရှူလို့မှဆက်ပြီး အောက်ဆီဂျင် ကျတယ်ဆိုရင် အရေးပေါ်ကားနဲ့ ပြည်သူ့ဆေးရုံကို ဆက်လက်ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးပါတယ် ခင်ဗျာ။

 

မေး။   အခုလက်ရှိမှာ တာချီလိတ်မြို့နယ်မှာ စက်တင်ဘာဒုတိယအပတ်ကစပြီးတော့ စာရင်း အချက်တွေအရ ရောဂါပိုးတွေ့မှုနှုန်းလျော့ကျ နေတယ်ဆိုတာ သိရပါတယ်၊ ဒီအခြေအနေမှာ  ဝမ်လုံးကုသရေးစင်တာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ဘယ်နှစ်ဦးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပါသလဲရှင့်။

 

ဖြေ။    ကျွန်တော်တို့ ထိုင်းနိုင်ငံနဲ့၊ လာအိုနိုင်ငံကနေပြန်လာတဲ့ နေရပ်ပြန်ပြည်သူတွေက အားလုံး(၃၂၁) ဦးကျန်ရှိပါတယ်၊ ဒေသခံ တွေကို ပထမ လက်ခံစဉ်က (၂၀၀)ကျော်လောက် ရှိပါတယ်၊ လက်ရှိမှာ အမျိုးသားခုနှစ်ဦးနှင့် အမျိုးသမီး သုံးဦးပဲ ကျန်ရှိပါတယ်။ စုစုပေါင်း (၃၃၁) ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါတယ်။ ကူးစက်မှုနှုန်း ကျဆင်းသွားတာလည်း မှန်ပါတယ်ခင်ဗျ။

 

မေး။   ဆရာက ဝမ်လုံကုသရေးစင်တာရဲ့ တာဝန်ခံတစ်ဦးဖြစ်သလို၊ မေတ္တာရှင် လူမှုကူညီးရေး အသင်း ဥက္ကဌ လည်းဖြစ်တယ်၊   ဆရာတို့ ပရဟိတ အဖွဲ့အနေနဲ့ကော      တာချီလိတ်မြို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းတွေမှာ ဘယ်လိုပါဝင် ပူးပေါင်း ဆောင်ရွက် နေ ပါသေးသလဲရှင့်။

 

ဖြေ။    စင်တာမှာ သက်ဆိုင်ရာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လုပ်ငန်းများက တာဝန်ယူ ဆောင်ရွက်ရင်းနဲ့ ကျွန်တော်တို့ မေတ္တာရှင်လူမှုကူညီရေး အသင်းဟာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ အားလုံး(၉၅) ယောက် ရှိပါပြီ၊ အဲဒီအခါမှာ ကျွန်တော်တို့ အသင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်းစည်းကမ်းများနှင့် အညီ   သဂြိုလ်ပို့ဆောင်ပေးတဲ့ လုပ်ငန်းကိုလည်း  ဆောင်ရွက်ပေးလျက်ရှိပါတယ် ခင်ဗျ။

 

မေး။   ဆရာ အခုလို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

 

ဖြေ။    ကျွန်တော့်အနေနဲ့လည်း တာချီလိတ်မြို့မှာရှိတဲ့ ဝမ်လုံးကုသရေးစင်တာရဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လုပ်ငန်းများကို ပြောခွင့် ရတဲ့အတွက် အများကြီး ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။

 

တာချီလိတ်မြို့တွင်  ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင်  ယနေ့အချိန်အထိ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ  အတည်ပြုလူနာ  (၂၆၇၃) ဦးထိ ရှိပြီး    ကျန်းမာရေးပြန်လည်  ကောင်းမွန်လာ၍    ဆေးရုံဆင်းခွင့်ရရှိသူ (၂၅၃၈) ဦးရှိကာ သေဆုံးသူ(၉၇) ဦးရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

 

ဇင်ဇင်၊ ယာဆေး

No comments:

Post a Comment