Monday, September 6, 2021

ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့မစိုက်ပျိုးရေး နည်းပညာပြန့်ပွားရေး စင်တာတွင် ဥကပ်ပါးနဂျီ မွေးမြူရေးဓာတ်ခွဲခန်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 


ဝက်လက် စက်တင်ဘာ ၆


စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့မစိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေးစင်တာတွင် ဥကပ်ပါးနဂျီမွေးမြူရေး ဓာတ်ခွဲခန်းလုပ်ငန်းများကို ဥကပ်ပါးနဂျီ မွေးမြူရေး ဓာတ်ခွဲခန်း()ခန်း၊ ဆံထွေးပိုးမွေးမြူခန်း ()ခန်းတို့ဖြင့် ၂၀၂၁ခုနှစ် ဩဂုတ်လ ၁၂ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။

‘‘တောင်သူဦးကြီးများအနေဖြင့် နှစ်စဉ်ပိုးသတ်ဆေးအမျိုးမျိုးကို အလွန်အကျွံသုံးစွဲနေတာ တွေ့ရှိရပြီး ပိုးသတ်ဆေးသုံးစွဲတဲ့အတွက် သဘာဝပတ်ဝန်းကျင်များ ပျက်စီးတယ်။ သီးနှံများမှာ၊ ဓာတုဓာတ်ကြွင်းများကျန်ရှိတဲ့အတွက် ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ စားသောက်ကုန်တွေ ရရှိခြင်းတို့ကြောင့် ဈေးနှုန်းလျော့ကာဝင်ငွေအရ နည်းပါးခြင်းများ နှစ်စဉ်ကြုံတွေ့ကြရပါတယ်။ ယခုဆောင်ရွက်လျက်ရှိတဲ့ ဓာတ်ခွဲခန်းက ထွက်ရှိလာတဲ့ ဥကပ်ပါးနဂျီကတ်များကို စိုက်ခင်း တစ်ဧကမှာ ကတ် ၄၀ ချိတ်ဆွဲပေးထားမယ်ဆိုရင် ဖလန်မျိုးရင်းနွယ်ခေါ်တဲ့ ဆစ်ပိုးဥမြုံ၊ ဖြုတ်ပိုးဥမြုံတွေကို ကပ်ပါးပြုပြီးဖျက်ဆီးသွားမှာဖြစ်တဲ့အတွက် ဓာတုပိုးသတ်ဆေး လုံးဝသုံးစွဲရန် မလိုအပ်ဘဲ ဇီဝနည်းဖြင့် ပိုးမွှားရောဂါကာကွယ်ခြင်းများကို လုပ်ဆောင်ပေး သွားမှာဖြစ်ပါတယ်။ အားသာချက်နဲ့ အကျိုးကျေးဇူးတွေကတော့ ဓာတုပိုးသတ်ဆေးတွေ မဖြန်းရတဲ့အတွက် တောင်သူဦးကြီးများအနေနဲ့ ကုန်ကျစရိတ်သက်သာစေတယ်။  ထွက်ရှိလာတဲ့ သီးနှံတွေဟာ ဓာတုဓာတ်ကြွင်းတွေမပါရှိ‌တော့တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေ၊ ဘေးကင်းလုံခြုံစိတ်ချရတဲ့ အစားအစာတွေရရှိနိုင်တယ်၊   ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲရတဲ့ ဘေးဥပါဒ်ဆိုးကျိုးတွေက ကင်းလွတ်မယ်၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ ကောင်းမွန်တဲ့သဘာဝ ပတ်ဝန်းကျင်ကိုရရှိစေနိုင်ပါတယ်ဟု ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှမိုးကျော်က ဥကပ်ပါးနဂျီ မွေးမြူရေး ဓာတ်ခွဲခန်းဆောင်ရွက်ရခြင်းနဲ့ပတ်သတ်လို့ ရှင်းလင်းပြောကြားထားပါတယ်။

ဝက်လက်မြို့နယ် မြို့မစိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေးစင်တာတွင် ဆောင်ရွက် လျက်ရှိသော ဥကပ်ပါး နဂျီမွေးမြူရေး ဓာတ်ခွဲခန်းအဆောက်အဦးမှာ အလျား ၃၀ပေ အနံ၂၆ပေ အမြင့် ၁၂ ပေ သွပ်မိုးအုတ်ကာ တစ်ထပ်အဆောက်အဦး တန်ဖိုး ငွေကျပ်သိန်း(၁၂၀)ကို ဒေသခံ တောင်သူများက စုပေါင်းလှူဒါန်းခဲ့တာဖြစ်ပြီး ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနက ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဓာတ်ခွဲခန်းတွင် ဆန်ထွေးပိုးဘန်း ၂၀၀ဆောင်ရွက်ထားရှိကာ သီးနှံတစ်ရာသီတွင် စိုက်ခင်းဧက ၂၀၀ ခန့်ကို အကျိုးပြုသွားမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။

ဥမ္မာဝင်း(ဝက်လက်)

No comments:

Post a Comment