Monday, September 6, 2021

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် သဖန်းဆိပ်ရေလှောင်တမံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကြည့်ရှုစစ်ဆေးခြင်းနှင့် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ တွေ့ဆုံ

 


ကျွန်းလှ စက်တင်ဘာ  

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြး ဦးတင်သန်းဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့က သဖန်းဆိပ်ရေလှောင်တမံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျွန်းလှ မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစိုးနိုင်က သဖန်းဆိပ်ဆည် ရှင်းလင်းဆောင်တွင် သဖန်းဆိပ်ရေလှောင်တမံ အချက်အလက်များ၊ နှစ်အလိုက်စီးဝင်ရေဝင် ရောက်မှု၊ ရေသိုလှောင်မှု၊ ရေသုံးမှု၊ မိုးစပါး၊ နွေစပါး စိုက်ပျိုးထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် သဖန်းဆိပ်‌ရေလှောင်တမံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းအောင်၊ သေဆုံးမှုနည်းအောင် ဆောင်ရွက်နေကြောင်း၊ ဈေးများတွင်လည်း Mask နှင့် Face Shield များ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ အသိတရားနှင့် လိုက်ပါဆောင်ရွက်ကြရန်လိုကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ကျွန်းလှမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ၊ ဖွံ့ဖြိုးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ချရေး ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေး၊ စိုက်ပျိုးရေးနှင့် ပန်းခင်းစီမံချက်အား ပြည်သူများ ပူးပေါင်းဆောက်ရွက်ကြရေးကိုလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သစ်တောများစည်းမဲ့ကမ်းမဲ့ ခုတ်နေခြင်းအား တားဆီးရေး၊ တရားမဝင်ရွှေမျော လုပ်ငန်းများမရှိရေးနှင့် လျှပ်စစ်ဓာတ်အားခ ကြွေးကျန်မရှိရေးတို့ကို အမှာစကား ပြောကြားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ ငွေကျပ် ၁၀ သိန်း၊ Oxygen Cylinder အိုး ၂၀ လုံး၊ Concentration ၁၀ ခုနှင့် ကာကွယ်ရေးပစ္စည်းများကို လည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့အတွက် ငွေကျပ် ၅ သိန်း၊ ဆေးရုံ‌တက်ရောက် ကုသနေသောလူနာများနှင့် စေတနာ့ဝန်ထမ်းများအတွက် ငွေကျပ် ၅ သိန်းတန်ဘိုးရှိ စားသောက်ကုန်ပစ္စည်းများ ကိုလည်းကောင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများအား ငွေကျပ် ၅ သိန်းတန်ဘိုးရှိ စားသောက်ကုန်ပစ္စည်းများကို လည်းကောင်း ထောက်ပံ့ပေးအပ်ပြီး သီတဂူဗုဒ္ဓတက္ကသိုလ်တွင် သီတင်းသုံးတော်မူကြသော သံဃာတော်များအား ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ ဆွမ်းဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြာဇံ၊ ဆားတို့ကို လှူဒါန်းခဲ့ကြောင်းသိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နယ်မြေလုံ‌ခြုံရေး၊ သတင်းလက်ဦးမှုရယူရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးရေး၊ ပညာရေး၊ ကျန်း‌မာရေး ဥပတိရုပ် ကောင်းမွန်ရေး၊ မြို့ရွာသန့်ရှင်းရေး၊ အခွန်အခနှင့် လျှပ်စစ်ကြွေးကျန်မရှိရေး ဆောင်ရွက်ကြရန်နှင့် တင်ပြချက်များအပေါ်လိုအပ်သည်များ ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း နိဂုံးချုပ်စကားပြောကြားသည်။

မျိုးဝင်းညို ကျွန်းလှ

No comments:

Post a Comment