ပခုက္ကူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် လမ်းပိတ်ဆို့လဲကျနေသည့် ကုက္ကိုပင်ကြီးနှင့်သစ်ကိုင်း၊ သစ်ခက်များ၊ လျှပ်စစ်မီးတိုင်၊ ဓာတ်အားလိုင်းကြိုးနှင့် ဖုန်းလိုင်းကြိုးများအား ရှင်းလင်းခြင်းနှင့် ရွှေချောင်းရေကြီးမှုကြောင့် ပြန်လည်ကူးခတ်နိုင်စွမ်းမရှိသည့် ပြည်သူနှစ်ဦးအား ကယ်ဆယ်ခြင်းလုပ်ငန်းများကို ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ် နှင့်သန္ဓေတပ်ဖွဲ့ဝင်(၁၂)ဦးတို့သည် ယမန်နေ့နံနက်၈နာရီအချိန်က အုပ်ချုပ်မှုယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်တစ်စီး နှင့် ခုတ်ထွင်ရှင်းလင်းရေး ပစ္စည်းများယူဆောင်၍ ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် လမ်းပိတ်ဆို့လဲကျနေသည့် လုံးပတ်(၁၀)ပေနှင့်အမြင့်(၆၀)ပေရှိ သည့် ကုက္ကိုပင်ကြီးနှင့် သစ်ကိုင်း၊ သစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်မီးတိုင်၊ ဓာတ်အားလိုင်းကြိုးနှင့် ဖုန်းလိုင်းကြိုး များအား ပြန်လည်တပ်ဆင်ခြင်း၊ ဘေးပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များရှင်းလင်းခြင်း လုပ်ငန်းများကို မြို့နယ်လျှပ်စစ်အင်ဂျင် နီယာရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြသည်။
ထို့အပြင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရွှေချောင်းကွက်သစ်နေ အသက်(၁၃)နှစ်ရှိ မောင်ဟိန်းထက်အောင်နှင့် အသက်(၇)နှစ်ရှိ မောင်ပြည့်စုံရှန် နှစ်ဦးတို့သည် ရွှေချောင်း ချောင်းရေကိုဖြတ်ကူးပြီး တစ်ဖက်ကမ်းသို့သွားရောက်နေစဉ် ရုတ်တရက် ချောင်းရေကြီးလာမှုကြောင့် ပြည်လည်ကူးခတ်နိုင်စွမ်းမရှိတော့ကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ်နှင့်သန္ဓေတပ်ဖွဲ့ဝင်(၁၃)ဦးတို့သည် အုပ်ချုပ်မှုယာဉ်တစ်စီးဖြင့် ထွက်ခွာပြီး ထိခိုက် ဆုံးရှုံးမှုမရှိအောင် ကူညီ ကယ်ဆယ်နိုင်ခဲ့ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး



No comments:
Post a Comment