သထုံ စက်တင်ဘာ ၃
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်နိုင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သထုံခရိုင်အတွင်း ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်တို့၏ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် မြို့နယ်အသီးသီးတို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စစ်တောင်း စက္ကူစက်ရုံသို့ ရောက်ရှိကာ စစ်တောင်းစက္ကူစက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဘီးလင်းမြို့၊ အောင်ဇေယျခန်းမ၌ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အတွင်း စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊သောက်သုံးရေရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်လာအောင်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် NGOအဖွဲ့အစည်းများ မှ ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘီးလင်းမြို့နယ်အတွင်း ပန်းခင်းစီမံချက် အရ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား စုစုပေါင်း ၃၃၃ ခုအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအဖွဲ့မှ တာဝန်ရှိသူများထံ ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သထုံမြို့သို့ ရောက်ရှိကာသထုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝင်း အတွင်းရှိ သုဝဏ္ဏဧည့်ရိပ်သာ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် PPE ဝတ်စုံများ၊ ကာဘော်လစ်ဆပ်ပြာ၊လက်သန့်ဆေးရည်၊ Mask စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မြို့နယ်အလိုက် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြ ကြောင်း သိရသည်။


No comments:
Post a Comment