Monday, September 27, 2021

မိတ္ထီလာအောက်စီဂျင်စက်ရုံသို့ အောက်စီဂျင်စက်ရောက်ရှိပြီး အောက်စီဂျင်ထုတ်လုပ်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိ

 

 


မိတ္ထီလာ စက်တင်ဘာ ၂၇

မိတ္ထီလာတွင်ဇူလိုင်လအတွင်းက စတင်ဆောက်လုပ်ခဲ့သော အောက်စီဂျင်စက်ရုံအဆောက်အအုံ ဆောက်လုပ်မှု ပြီးစီးသွားပြီဖြစ်ပြီး အောက်စီဂျင်စက်လည်းရောက်ရှိပြီရာ အောက်စီဂျင် အမြန်ဆုံး ထုတ်လုပ်ဖြန့်ဝေနိုင်ရေးအတွက် အဆိုပါစက်ကို စက်ရုံအတွင်းတပ်ဆင်လျက်ရှိကြောင်း အဆိုပါ အောက်စီဂျင်စက်ရုံအားတာဝန်ယူဆောက်လုပ်သည့်ဦးဆောင်စေတနာရှင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

အောက်စီဂျင်စက်က စက်တင်ဘာလ ၂၅ ရက်နေ့က စက်ရုံကိုရောက်ရှိတာဖြစ်ပြီး ဒီနေ့ စက်တင်ဘာ ၂၇ရက်နေ့မှာ အောက်စီဂျင်စက်ကို တပ်ဆင်ပေးမယ့် အင်ဂျင်နီယာအဖွဲ့ ရောက်ရှိ တာကြောင့် အောက်စီဂျင်အမြန်ဆုံးထုတ်လုပ်ဖြန့်ဝေနိုင်ရေးအတွက် တပ်ဆင်ဆောင်ရွက်နေ ပါတယ်။ စက်တပ်ဆင်တဲ့လုပ်ငန်း နဲ့ စမ်းသပ်ထုတ်လုပ်တဲ့လုပ်ငန်းအဆင်ပြေပြီဆို ဒီရက်ပိုင်း အတွင်းမှာ အောက်စီဂျင်စတင်ထုတ်လုပ်ဖြန့်ဝေမှာဖြစ်ပါတယ်ဟု  ၎င်းအောက်စီဂျင်စက်ရုံထုတ် လုပ်ဖြန့်ဝေရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည့် ဦးဆောင်စေတနာရှင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိတ္ထီလာတွင်ဆောက်လုပ်သည့် အဆိုပါအောက်စီဂျင်စက်ရုံတွင် စက်စတင်လည်ပတ်ပြီး အောက်စီဂျင်ထုတ်နိုင်ချိန်တွင် တစ်ရက်လျှင် အောက်စီဂျင် ၄ဝ လီတာအိုး ၁၂ဝ အိုးအထိ ထုတ်လုပ်ဖြန့်ဝေနိုင်မည်ဖြစ်ပြီး မိတ္ထီလာမြို့နယ်အတွက်သာမက အနီးပတ်ဝန်းကျင်ရှိ အောက်စီဂျင် လိုအပ်သည့်မြို့နယ်များသို့လည်း အောက်စီဂျင်ဖြန့်ဝေပေးနိုင်ရန်ရည်မှန်းထားကြောင်း သိရည်။ အောက်စီဂျင်စက်ရုံအား  မိတ္ထီလာဒေသခံစေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် အောင်ဇေယျာရပ်ကွက် မြို့ဦးကျောင်းတိုက်၏ တောင်ဘက်မြေနေရာတွင်  ဆောက်လုပ်ခြင်း ဖြစ်သည်။ အဆိုပါအောက်စီဂျင်စက်ရုံတွင် အောက်စီဂျင်ထုတ်လုပ်ဖြန့်ဝေရေးအတွက် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့်  ဦးဆောင်စေတနာရှင်များအဖွဲ့တို့  ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကာ  စုစုပေါင်း ကုန်ကျမည့်တန်ဖိုးအား ငွေကျပ်သိန်းနှစ်ထောင့်ရှစ်ရာခန့် ခန့်မှန်းလျာထား ဆောက်လုပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ချမ်းသာ

 

No comments:

Post a Comment