Wednesday, August 25, 2021

လားရှိုးမြို့၊ ပညာရေးကောလိပ် ကိုဗစ်-၁၉ ရာဂါကုသရေး စင်တာတွင် ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း



မေး။   ။ မင်္ဂလာပါလူကြီးမင်းရှင့်၊ လူကြီးမင်း၏ အမည်ရာထူးနှင့် လက်ရှိတာဝန်ယူ ဆောင်ရွက် နေမှုကိုသိပါရစေရှင့်။

ဖြေ။    ။ကျွန်တော့်နာမည်ကတော့ ဦးဇော်ဇော်ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကြပ်မတ် ကုသရေးစင်တာရဲ့ဥက္ကဋ္ဌ ဖြစ်ပါတယ်။

ကျွန်တော်ကတော့ ဦးထွန်းလှဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကြပ်မတ်ကုသရေးစင်တာမှာ ဘဏ္ဍာငွေ ထိန်းသိမ်းရေးနှင့် ပစ္စည်းကြပ်မတ်ရေး တာတန်ကို ထမ်းဆောင်နေပါတယ်။

ကျွန်မကတော့ ဒေါ်သန္တာမိုး ဖြစ်ပါတယ်။ ကျွန်မက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း စီမံရေးရာဌာန အုပ်ချုပ်ရေး အထောက်အကူပြုအရာရှိ ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ကုသရေးစင်တာမှာ ကြက်ခြေနီလုပ်ငန်းတာဝန်အနေနဲ့ လုပ်ဆောင်နေပါတယ်။

မေး။   ။ ဦးစွာပထမ ပညာရေးကောလိပ်ကြပ်မတ်ကုသရေးစင်တာဥက္ကဋ္ဌမှ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာရဲ့ နေ့စဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းများကို သိပါရစေရှင့်။

ဖြေ။    ။ နေ့စဉ်ကုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီးမှ လွှဲပြောင်းလာသော Positive လူနာများ၊ ပြည်ထောင်စုအားကစားကွင်းရှိ Swab Team အသင်းမှ Positive လူနာများကို ကုသပေးခြင်း ဆောင်ရွက်နေပါတယ်။ ဒီလိုကုသပေးရာမှာ အပိုင်း(၂)ပိုင်းခွဲထားပါတယ်။ ပထမပိုင်း အနေနဲ့ ရိုးရိုး Positive လူနာများကို ရိုးရိုး Positive အဆောင်တွင်ထားရှိပြီး အောက်ဆီဂျင်ပေးဖို့ လိုအပ်သော လူနာများကို အထူးကြပ်မတ် ကုသဆောင်တွင် ထားရှိပြီး အောက်ဆီဂျင်ပေးကုသ ပါတယ်။ ဒုတိယပိုင်းကတော့ အပေါ်ဆောင်တွင် ရိုးရိုး Positive လူနာများကို သူနာပြု(၂)ဦးမှ ကူညီပြီး ဆောင်ရွက်ပေးပါတယ်။ သမားတော်ကြီး ဒေါက်တာဝင်းသူအောင်ရဲ့လမ်းညွှန်ချက်ဖြင့် ကြပ်မတ်ကုသပေးလျက်ရှိပါတယ်။နောက်တစ်ခုက အောက်ဆီဂျင်ပေးရန် လိုအပ်သော လူနာများကို ဆရာဝန်(၄)ဦး၊ သူနာပြု(၂)ဦး၊ ကြက်ခြေနီ Volunteer (၅)ဦး စုစုပေါင်း(၁၁)ဦးနှင့် အနီးကပ်ကုသပေးလျက်ရှိပါတယ်။

မေး။   ။ ပိုးတွေ့လူနာများကို ဘယ်လိုကူညီပြီးတော့ ကုသပေးနေတယ်ဆိုတာကိုသိပါရစေရှင့်။

ဖြေ။    ။ပိုးတွေ့လူနာများကို ပထမအဆင့်အနေဖြင့် Positive လူနာဆောင်တွင်ထားရှိပါတယ်။ ဆက်လက်ပြီး သူနာပြု(၂)ဦးက စောင့်ကြည့်ကုလူနာ၏ အခြေအနေပေါ်မူတည်၍ သမားတော် ကြီး ဒေါက်တာဝင်းသူအောင်ရဲ့လမ်းညွှန်မှုနဲ့ လိုအပ်တဲ့ဆေးပေးခြင်းတွေ ပြုလုပ်ပြီး ကုသပေး လျက်ရှိပါတယ်။ နောက်တစ်ခုက အောက်ဆီဂျင်ပေးလူနာများအတွက်ကိုလည်း ဆရာဝန်(၂) ဦးက ကြပ်မတ်ကုသပေးလျက်ရှိနေပါတယ်။

မေး။   ။ ပညာရေးကောလိပ်ကိုဗစ်-၁၉ကုသရေးစင်တာတွင် ကျန်းမာရေးဝန်ထမ်း ဘယ်နှစ်ဦး ကုသပေးနေပါသလဲရှင့်။

ဖြေ။    ။ သမားတော်ကြီး(၁)ဦး၊ဆရာဝန်(၂)ဦး၊ သူနာပြု(၄)ဦးဖြင့် ကြပ်မတ်ကုသပေးလျက် ရှိနေ ပါတယ်။

မေး။   ။ကုသရေးစင်တာတွင် ပါဝင်ဆောင်ရွက်ပေးနေတဲ့ Volunteer ဘယ်နှစ်ယောက် ပါဝင် ပါလဲ၊ ဘယ်လိုကူညီ ပါဝင်ဆောင်ရွက်နေပါလဲ ရှင်းလင်းပေးပါအုံးရှင့်။

ဖြေ။    ။ Volunteerများမှာ အပိုင်း(၂)ပိုင်းရှိပါတယ်။ ပထမတစ်ပိုင်းအနေနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ပြည်နယ်အဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်သည့် အပိုင်းနဲ့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက ကူညီပံ့ပိုးဆောင်ရွက်နေတဲ့အပိုင်း ဆိုပြီးရှိပါတယ်။ နောက်ထပ် ကူညီမှုကတော့ လားရှိုးမြို့မှာရှိတဲ့ Volunteer အဖွဲ့(၃)ဖွဲ့ကအသင်း(၃)ခုဖွဲ့၍ ပေါင်းစပ်ဆောင်ရွက် ပေးလျက် ရှိနေပါတယ်။ လူနာများ သယ်ယူပို့ဆောင်တဲ့နေရာများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိ‌နေပါတယ်။ ဦးစိုင်းညီညီဟန် ဦးဆောင်တဲ့ Free-don Volunteer အဖွဲ့က အချိန်ပြည့်(၂၄)နာရီ ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နောက်တစ်စီးကတော့ လူမျိုးမရွေး ဘာသာမရွေး အဖွဲ့က အောက်ဆီဂျင် အပြည့်အစုံပါတဲ့ ကုသရေးနေရာတွင် အရေးပေါ်အသုံးပြုရန် တပ်ဆင် ထားတဲ့ ကားတစ်စီးလည်း ရှိပါတယ်။ အဲ့ဒီအရေးပေါ် ကားကဆေးရုံကြီးမှ အရေးပေါ်လွှဲပြောင်း လာသော လူနာများအတွက် အသုံးပြုဆောင်ရွက်ခြင်းဖြစ်ပါတယ်။

မေး။   ။နေ့စဉ် ပိုးတွေ့လူနာများနှင့် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများ၏ စားသောက် ရေးကို ဘယ်လိုဆောင်ရွက်နေပါသလဲရှင့်။

ဖြေ။    ။ စားဖိုမှူး ဦးဖိုးအောင်ဦးဆောင်သော ချက်ပြုတ်ရေးအဖွဲ့က ဦးဆောင်၍ နေ့စဉ်လူနာ များကို နံနက်စာ၊ နေ့လယ်စာ၊ ညစာများကို အခမဲ့ကျွေးမွေးလျက်ရှိပါတယ်။ သံဃာတော်များရှိ သည့်အတွက် အာရုံဆွမ်း၊ နေ့ဆွမ်းများကို ကပ်လှူပေးလျက် ရှိပါတယ်။ ထမင်းမစားနိုင်တဲ့ လူနာများအတွက် အာဟာရပြည့်ဆန်ပြုတ်များကို ကျွေးမွေးခြင်းနှင့် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးရဲ့ လမ်းညွှန်မှုဖြင့် ကြက်ဉပြုတ်များကို နေ့လယ်တစ်လုံး ညတစ်လုံး တစ်ရက်(၂)လုံး ကျွေးမွေးလျက်ရှိပါတယ်။ ဒါ့အပြင် တစ်ရက်ခြား ဂျင်းပြုတ်ရည်များ ကိုလည်း လူနာများကို တိုက်ကျွေးလျက်ရှိနေပါတယ်။

မေး။   ။ ဆက်လက်ပြီးတော့ ဦးထွန်းလှကနေ ကုသရေးနှင့်စားသောက်ရေးအတွက် ရန်ပုံငွေ ရရှိမှုနှင့် သုံးစွဲမှု အခြေအနေကိုသိပါရစေရှင့်။

ဖြေ။    ။ ဟုတ်ကဲ့ပါခင်ဗျ ကျွန်တော်တို့အပိုင်း(၈)ပိုင်ခွဲထားပြီး သုံးစွဲနေပါတယ်၊ အဲ့ဒီအပိုင်း (၈)ပိုင်းမှာ ဆေးနှင့် ကုသရေးပစ္စည်း ဝယ်ယူစားရိတ်၊ ကျွေးမွေးရေးကုန်ကျစားရိတ်၊ လျှပ်စစ်နှင့် ပစ္စည်းကုန်ကျစားရိတ်၊ အထွေထွေကုန်ကျစားရိတ်၊ စက်သုံးဆီကုန်ကျစားရိတ်၊ ရုံးသုံးကိရိယာ ကုန်ကျစားရိတ်၊ လုပ်အားခ၊ အောက်ဆီဂျင် ဝယ်ယူဖြည့်တင်းရေး ကုန်ကျစားရိတ်ဆိုပြီး ကော်မတီဝင်များနဲ့ တိုင်ပင်၍ ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်တိုင်းမှူးက ဦးဆောင်၍ အလှူငွေများကို လှူဒါန်းပေးလျက်ရှိသလို ရောဂါ ပျောက်ကင်း၍ စင်တာမှ ဆင်းသွားသည့် လူနာများကလည်း အလှူငွေများကိုထည့်ဝင် ပေးသွားတာမျိုးလည်း ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့အလှူခံခြင်းကို ဆောင်ရွက်ခြင်းမရှိသော် လည်း အလှူရှင်များကလှူဒါန်းလိုပါက Call Centre ဖုန်းနံပတ် ၀၉၄၂၉၆၄၃၃၈၂၊ ၀၉၂၀၃၈၆၃၈၊ ၀၉၅၂၆၀၃၀၈ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

မေး။   ။ ဆက်လက်ပြီး ဒေါ်သန္တာမိုးက Positive လူနာများအား ပစ္စည်းပေးပို့ခြင်းနှင့် လက်ခံ ရရှိခြင်းကို ရှင်းပြပေးပါအုန်းရှင့်။

ဖြေ။    ။လူနာရှင်များကပေးပို့လာသော ပစ္စည်းများကို လက်ခံရေးဌာနမှ လက်ခံရယူပြီးပစ္စည်း များ လက်ခံယူရာမှာတော့ နံနက်(၇)နာရီကနေ(၈)နာရီ တစ်ကြိမ်၊ (၁၀)နာရီကနေ(၁၂)နာရီ တစ်ကြိမ် ညနေ(၃)နာရီကနေ (၅)နာရီအထိ (၃)ကြိမ် လက်ခံဆောင်ရွက်ပေးလျက်ရှိနေပါ တယ်။ လာပို့သော ပစ္စည်းများကို စနစ်တကျ လက်ခံစစ်ဆေးပြီး အမည်နှင့် ဖုန်းနံပတ်များ ရယူပြီး လူနာများဆီသို့ ဆက်လက်ပို့ဆောင်ပေးပါတယ်။ ပို့ဆောင်တဲ့ နေရာမှာလည်း အစား အသောက်များကို ပူပူနွေးနွေးစားသောက်နိုင်ရန်အတွက် ချက်ချင်း ပြန်လည်ပို့ဆောင်ပေးပါ တယ်။ ဒါ့အပြင်လူနာများ၏ အသုံးအဆောင် ပစ္စည်းများကို စနစ်တစ်ကျ ပိုးသတ်၍ (၁)နာရီ အတွင်း ပြန်လည်ပို့ဆောင်ပေးပါတယ်။

မေး။   ။ ကုသရေးစင်တာမှ ဆောင်ရွက်နေတဲ့လုပ်ငန်းများနဲ့ ပတ်သက်ပြီး ဖြည့်စွက် ဖြေကြားလိုတာများရှိရင်လည်း ဖြည့်စွက်ဖြေကြားပေးပါအုန်းရှင့်။

ဖြေ။    ။ထပ်မံဖြည့်စွက်ခြင်တာကတော့ ဒီ Centre တစ်ခုလုံးကို ကော်မတီအဖွဲ့ဝင်(၁၅)ဦးမှ နေ့စဉ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာများကလည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ Centre ကြီး တစ်ခုလုံးဖွဲ့စည်းထားပုံမှာ အဆောင်(၈)ဆောင်ရှိပါတယ်။ အမျိုးသမီး လူနာဆောင်(၂)ဆောင်၊ အမျိုးသားလူနာဆောင်(၃)ဆောင်၊ သံဃာတော်ဆောင်(၁)ဆောင်၊ ကြပ်မတ်ကုသဆောင်(၁)ဆောင်၊ အရန်ကုသဆောင်(၁)ဆောင်တို့လည်း ပါရှိပါတယ်။ လူနာ စုစုပေါင်း (၈၉၅)ဦး ထားရှိကုသနိုင်ပါကြောင်း ဖြည့်စွက်ပြောကြားလိုပါတယ်ခင်ဗျား။

တွေ့ဆုံမေးမြန်းသူ - ဥမ္မာချို

No comments:

Post a Comment