ဘားအံ ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဇာသပြင်ဈေးသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဇာသပြင်ကျေးရွာရှိ အဆိုပါဈေးသစ် တည်နေရာ၌ ကျင်းပသည်။
ဈေးသစ်ဖွင့်ပွဲတွင်
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး
ဇာသပြင်ဈေးသစ်ဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ
တက်ရောက်လာသူများနှင့်အတူ အမွေးနံ့သာရည်များ ပတ်ဖြန်းပေးကြသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး
မျိုးမင်း နောင်၊ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊
သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းနှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေး
မှူးသူရမြင့်သူတို့က ဇာသပြင်ဈေးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ဈေးအတွင်း
ဈေးသူ၊ဈေးသားများ၏ ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဇာသပြင်ဈေးသည် ယခင်က
လမ်းဘေးနှစ်ဖက်တွင်သာ တည်ခင်းရောင်းချခဲ့ကြပြီး လမ်းသွားလမ်းလာ
မော်တော်ယာဉ်များနှင့် ကြပ်တည်းကျဉ်းမြောင်းစွာ ဈေးရောင်းဈေးဝယ်
ပြုလုပ်ကြရသည့်အတွက် ဘားအံမြို့နယ် စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်
ခွင့်ပြုရန်ပုံငွေကျပ် ၂၆၇ ဒသမ ၈၄ သန်းဖြင့် ဈေးရုံ(၄)ရုံ၊ ဆိုင်ခန်းပေါင်း
(၁၅၂)ခန်းပါဝင်သည့် ဈေးသစ်ကြီးကို သံလွင်ဖားစည်မြေ ကုမ္ပဏီမှ
တာဝန်ယူတည်ဆောက်ပေးခဲ့ကာ တစ်ပိုင်တစ်နိုင် ရောင်းချသူများ အဆင်ပြေစေရန် ပျံကျ ဈေးကွက်
နေရာ(၁၀၀)ကျော်ခန့်ပါဝင်၍ ကုန်စိမ်း၊ ကုန်ခြောက်၊ သား၊ ငါး၊ အဝတ်အထည် အစရှိသည့်
ကုန်မျိုးစုံကို ဈေးအင်္ဂါရပ်များနှင့်အညီ ရောင်းချနိုင်ရေး ဆောက်လုပ်ပေးထားခြင်းဖြစ်ကြောင်း
ဘားအံ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဘားအံမြို့နယ်၊ သံလွင်အနောက်
ခြမ်း၊ ကျောက်တစ်လုံး(ဝင်းဒရယ်)ကျေးရွာအုပ်စု၊ ကြာအင်းပေါ်တော်မူဆရာတော်
မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနန္ဒသာရအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး
ငါးပါးသီလခံယူဆောက်တည် ကြကာ ဘိလပ်မြေအိတ်(၃၀၀)နှင့် ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထပစ္စည်းများ၊
ပါးစပ်နှင့် နှာခေါင်း စည်း Mask များ၊
နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက်
ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း


No comments:
Post a Comment