Thursday, August 26, 2021

အောင်မြေသာစံမြို့နယ်ရှိ ကမ်းနားလမ်းတာပေါင်ရိုးဘေး၌ နေထိုင်ကြသည့် မိသားစုများအားဆန်အိတ်တစ်အိတ်စီ ထောက်ပံ့ပေးအပ်



 မန္တလေး ဩဂုတ် ၂၆

 ကုလသမ္မဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က ထောက်ပံ့၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ကူညီဖြန့်ဝေပေးသည့် ဆန်အိတ်များအား ယမန်နေ့နံနက်၇နာရီခွဲက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်အတွင်းရှိ ကမ်းနားလမ်းတာပေါင်ရိုးဘေး၌ နေထိုင် ကြသည့်မိသားစုများအား ဆန်အိတ်တစ်အိတ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 ဆန်အိတ်များ ထောက်ပံ့ပေးအပ်ရာတွင် ကုလသမ္မဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ဦးစောသက်ညိုနှင့်အဖွဲ့ဝင်များ၊မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ သိန်းထွန်းဆောင်၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တိုင်းတပ်ဖွဲ့ မှူးကျော်ကျော်နှင့် တာဝန်ရှိသူများက ကမ်းနားလမ်းတာပေါင်ရိုးဘေးရှိနေအိမ်(၉၆၅)လုံးတွင် နေထိုင်ကြသည့် မိသားစုများအား နေအိမ်တစ်လုံးလျင် ၄၉၅၀၀ကျပ်တန်ဖိုးရှိဆန်၂၅ပြည်ပါ ဆန်အိတ်တစ်အိတ်စီထောက်ပံ့ပေးအပ်ကြသည်။

 အဆိုပါ ဆန်အိတ်များထောက်ပံ့ပေးရာသို့ နန်းတော်‌ရှေ့နယ်လုံးဆိုင်ရာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးသိန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ခွဲ (၂)တပ်ခွဲမှူး ရဲနီထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်စေတနာ့ ဝန်ထမ်းဦးကျော်တင့်နှင့်အဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး (အောင်စံ)

No comments:

Post a Comment