မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအဆင့်အလိုက် ဦးတည်အုပ်စုခွဲပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ သြဂုတ် ၁၂ ရက်နေ့က လူဦးရေ(၄၁၀၀)ဦးကို အောင်မြင်စွာ ထိုးနှံပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ဆောမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆေးအလုံးပေါင်း(၂၀၅၀) လက်ခံရရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို သြဂုတ် ၂ ရက်မှစတင်၍ သြဂုတ် ၁၂ ရက်နေ့အထိ ဆောမြို့ အခြေခံပညာအထက်တန်းကျောင်း သီဟသူရညိုအေးခန်းမတွင် လည်းကောင်း၊ ကျောက်ထုမြို့ ကျန်းမာရေး ဌာနတွင်လည်းကောင်း၊ လောင်းရှည်တိုက်နယ် ဆေးရုံတွင် လည်းကောင်း စုရပ်(၃)နေရာပြုလုပ်၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆောမြို့နယ်အတွင်းရှိ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များနှင့် သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အခြား ပုဂ္ဂလိကမှ ဝန်ထမ်းများ၊ Volunteer အဖွဲ့ဝင်များ၊ အကျဉ်း/အချုပ်သားများ၊ စျေးသည်များနှင့် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများ စုစုပေါင်း (၄၁၀၀)ဦးကို အောင်မြင်စွာ ထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကိုဇော်ကြီး

No comments:
Post a Comment