Friday, August 13, 2021

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စုများ အတွက် စားသောက်ကုန်များထောက်ပံ့

 

လှည်းကူး သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွါးနေသည့် ကာလအတွင်း စားဝတ်နေရေးအခက်အခဲရှိသည့် အိမ်ထောင်စုများအတွက် ယမန်နေ့နံနက်ပိုင်းက လှည်းကူးစွန္နီဂျာမေဗလီလူငယ်များ လူမှုကူညီရေးအသင်း (လှည်းကူး)မှ စားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

"ကျနော်တို့က လူမျိုးဘာသာမရွေး အမှန်တစ်ကယ် စားဝတ်နေရေး အခက်အခဲရှိတဲ့သူတွေကို ပေးအပ်တာ ဖြစ်ပါတယ်၊ မနေ့ကတည်းက အခက်အခဲရှိသူတွေကို တုံကင်နံပါတ်လေးတွေ လိုက်ပေး ထားတယ်၊ ဒီနေ့လာထုတ်တဲ့အခါမှာ စနစ်တကျ လာထုတ်တော့ လူစုလူဝေးလည်း မဖြစ်တော့ဘူး၊ ကိုဗစ်ရောဂါ ကူးစက်မှုမရှိအောင် ကာကွယ်ပြီးလည်း ဖြစ်သွားကြောင်း" လှည်းကူးစွန္နီဂျာမေဗလီ လူငယ်များ လူမှုကူညီရေး အသင်း ဘဏ္ဍာရေးမှူး ဦးရှိုင်းမောင်မောင်က ပြောသည်။

အဆိုပါ လှူဒါန်းမှုကို လှည်းကူးစွန္နီဂျာမေဗလီရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု(၃၅၀)အတွက် ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ နှင့် ကော်ဖီ စသည်တို့ကို အသင်းတာဝန်ရှိသူများက အခက်အခဲ ရှိသူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်

No comments:

Post a Comment