Friday, August 13, 2021

သင်္ဃန်းကျွန်းမြို့နယ်၌ M9 Oxygen Concentrator 10 L with AI စက်တစ်လုံးလှူဒါန်း



ရန်ကုန် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ခံစားနေရသည့် လူနာများနှင့် အသက်ရှုကျပ်လူနာများအတွက် ကူညီကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တန်ဘိုးအားဖြင့်(၂၁)သိန်းတန်ဘိုးရှိ M9 Oxygen Concentrator 10 L with AI စက်တစ်လုံးအား ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးသို့ လာရောက် လှူဒါန်းခဲ့​ကြောင်း သိရသည်။

ကြက်ခြေနီ တပ်ဖွဲ့စေတနာလုပ်အားရှင်များ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဆေးရုံ၊ Quarantine Centre များသို့ နေ့စဉ်ခေါ်ယူပို့ဆောင် ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မရမ်းကုန်းမြို့နယ်တွင်နေထိုင်သော သူရဦးသက်ဆွေ၊ ဒေါက်တာဝေမာမာထွန်း မိသားစုမှ(၂၁)သိန်းတန်ဘိုးရှိ  M9 Oxygen Concentrator 10 L with AI စက်တစ်လုံးအားလာရောက် လှူဒါန်းရာ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ ဒု-မြို့နယ်တပ်ဖွဲ့မှူး ဦးဝင်းထိုက်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ စေတနာလုပ်အားရှင်များ အနေဖြင့် ပုံမှန်လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အောက်စီဂျင်ငှားရမ်းပေးခြင်း၊ အရေးပေါ် လူနာတင်ယာဉ်(၂)စီးဖြင့် လိုအပ်သူများကျန်းမာရေး စောင့်ရှောက်မှုများကို(၂၄)နာရီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်) 

No comments:

Post a Comment