

မကွေး သြဂုတ် ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်လွင်သည် ယမန်နေ့နံနက်ပိုင်းက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ အောက်လံမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ နံနက် ၁၀ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ကော်မတီဝင်များနှင့်တွေဆုံ၍ အောင်လံမြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၇၅)သိန်းနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါအား တစ်ဖြည်းဖြည်း လျော့နည်း ရပ်တန့်သွားအောင် အဖက်ဖက်မှ ကြိုစားဆောင်ရွက်နေပါကြောင်း၊ ကာကွယ်ဆေး များကိုလည်း ရရှိမှုအပေါ်မူတည်ပြီး မြို့နယ်အလိုက် ခွဲဝေပေးလျက်ရှိပြီး အုပ်စုအလိုက်ခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါခံစားနေရသည့် လူနာများအတွက် လိုအပ်နေသော အောက်ဆီဂျင်များ အပြည့်အဝရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ မကွေးမြို့၊ ကားကွင်းအတွင်း တည်ဆောက်ပြီးစီးသည့် အောင်ဆီဂျင်စက်မှာလည်း စမ်းသပ် လည်ပတ်လျက် ရှိနေပြီဖြစ်ပြီး ထွက်ရှိမှုအပေါ် မူတည်ကာ ခွဲဝေသတ်မှတ်ဖြန့်ဝေပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အောင်လံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်မှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်က ကုသဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်း လိုအပ်ချက်များအားလည်းကောင်း ရှင်းလင်းတင်ပြ ခဲ့မှုအပေါ် လိုအပ်သည်များမှာကြားကာ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၇၅)သိန်းနှင့် အထောက်အကူပြုပစ္စည်းများဖြစ်သော PPE, Hand Gelနှင့် Mask များထောက်ပံ့ပေး အပ်ခဲ့သည်။
ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့်နေရာသို့ သွားရောက်ခဲ့ပြီး စက်ရုံတည်ဆောက်နေမှု အခြေအနေများအား ကြည်ရှုစစ်ဆေးကာ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ရန်နှင့် မီးပြတ်တောက်မှု လျော့နည်းစေရေးအတွက် သီးခြား လိုင်းဖြင့် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဆေးရုံကြီးအတွင်းရှိ Positive Center နှင့် မြို့နယ် အားကစားရုံ အောင်မြေရွှေဝါခန်းမ၌ ဖွင့်လှစ်ထားရှိသည့် Positive Center များသို့ သွားရောက်ကာ လူနာ(၇၄)ဦးအတွက် ခေါက်ဆွဲခြောက်နှင့် ကြက်ဥများ ထောက်ပံ့ဆောင် ရွက်ပေးခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့၊ ရွာထောင်ရပ်ကွက်ရှိ ဦးမောင်သိန်း၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိပြီး ကြက်များမွေးမြူထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ကြက်ဥထွက်ရှိမှု၊ ဖြန့်ဝေရောင်းချမှု အခြေအနေနှင့် ဝင်ငွေရရှိမှု အခြေအနေများအား မေးမြန်းခဲ့ပြီး ကြက်ဥများပိုမိုထုတ်လုပ်နိုင်ရေး ကြိုစားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံ ဌာနခွဲ၊ ဝါသီးနှံမျိုးသန့်ခြံ(အောင်လံ)သို့ ရောက်ရှိရာ တာဝန်ရှိသူမှ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါမျိုးအလိုက် ဒေသနှင့်သင့်လျော်မှုကိုသိရှိရေး Location Test ဆောင်ရွက်ရန်၊ မြေအမျိုးအစားအလိုက် Spacing Test (ဝါမျိုးအလိုက်)ပြုလုပ်ရန်၊ ခြံရှိဧရိယာ အားလုံးမှ ဝါမျိုးများထွက်ရှိ ဖြန့်ဖြူးနိုင်ရေးအတွက် ဆောင်ရွက်ရန်၊ ခြံအတွင်းစိုက်ပျိုးနိုင်သည့် ဧရိယာအားလုံး ရေရရှိရေး စီစဉ်ဆောင်ရွက်ရန်နှင့် ဝါတစ်ဧကအထွက်နှုန်း ပိဿာတစ်ထောင် ထွက်ရှိရေးကို မိမိခြံပါမက တောင်သူများပါ ထွက်အောင်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဝါစိုက် ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့နယ် မီးသတ်ဦးစီးဌာနသို့ ရောက်ရှိပြီး သဘာဝဘေးဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက် လေ့ကျင့်သရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ
No comments:
Post a Comment