ဘားအံ ဩဂုတ် ၁၈
ကရင်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးသည့် ပန်းခင်းစီမံချက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေးအတွက် အသက်ပြည့်ပြီးသည့်နိုင်ငံသားများအားလုံး မဲပေးနိုင်ရေးရည်မှန်း၍ ပန်းခင်းစီမံကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်ကပ်ရောဂါကူးစက်ဖြစ်ပွားမှုနှင့် ရေကြီး ရေလျှံမှုများကြောင့် ပန်းခင်းစီမံချက် ဆောင်ရွက်နေသည့်လုပ်ငန်းများ အခိုက်အတန့်တစ်ခုထိ ရပ်တန့်ခဲ့ရကြောင်း၊ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် အဓိကကျသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများအားဖိတ်ကြား၍ ယခုလုပ်ငန်းအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ ကျန်ရှိသည့်စီမံချက်ကာလအတွင်း အရှိန်အဟုန်ဖြင့် လုပ်ငန်းဆောင်ရွက်ကြဖို့လိုကြောင်း၊ ငွေကြေးသုံး စွဲမှုအပိုင်းကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်၊ ငြိမ်းချမ်း ရေးအဖွဲ့အစည်း၊ စစ်မှုထမ်းဟောင်း၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုဗစ်ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များနှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရေးကြီး သည့် လုပ်ငန်းဖြစ်သည့် အတွက် အလေးထားဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ အခက်အခဲရှိလျှင် ချက်ချင်းတင်ပြကြရန်နှင့် စနစ်တကျ အချိန်ခွဲဝေအသုံးချ ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးကျော်စိုးက ဦးစားပေးရပ်ကွက်/ကျေးရွာအုပ်စုအလိုက် စောလျှင်စွာဆောင်ရွက်သွားနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် စီမံဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်က ပန်းခင်းစီမံချက် ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏ၊ ကွင်းဆင်းဆောင်ရွက်နိုင် သည့်အင်အား၊ ရပ်ကွက်/ကျေးရွာအုပ်စုများအား ဦးစားပေးအုပ်စုသတ်မှတ်ခြင်း၊ နယ်မြေအလိုက်ဆောင်ရွက်ရန် ရပ်ကွက်/ကျေးရွာ အုပ်စုနှင့်အရေအတွက်၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံနှင့် တွေ့ကြုံ ရသည့်အခက်အခဲများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်းအဝေးသို့ တက်ရောက်လာသော ခရိုင်၊ မြို့နယ်အဆင့် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးများက သက်ဆိုင်ရာ ခရိုင်မြို့နယ်အလိုက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန်လျာထားချက်၊ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း

No comments:
Post a Comment