နေပြည်တော် သြဂုတ် ၁၃
စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးဇုန်နှင့် စားသောက်ကုန်ထုတ်စက်မှု လုပ်ငန်းများကို ပုဂ္ဂလိကပိုင်းက အားကောင်းသော ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်နိုင်စေရန် ဝန်ကြီးဌာနများက လိုအပ်သော ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရေး အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင် နှင့် အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင် ညွှန်ကြားရေးမှူး နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကပိုင်းမှ လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ဒေါက်တာချာလီသန်း တို့က အဖွင့်အမှာ စကားများ ပြောကြားကြပြီး ဒုတိယဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်လာကြသူများက စီမံကိန်းလုပ်ငန်းဆိုင်ရာ များကို အသေးစိတ်တင်ပြ ဆွေးနွေးကြသည်။
အစည်းအဝေးတွင် စီမံကိန်းမြေနေရာ သတ်မှတ်ဆောင်ရွက်နေမှုနှင့် စီမံကိန်းတွင် ပါဝင်မည့် အဆောက်အအုံ ဆိုင်ရာများ၊ ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာများ၊ သီးနှံများသယ်ယူခြင်း၊ သန့်စင် ထုပ်ပိုးခြင်းနှင့် အအေးခန်း သိုလှောင်ခြင်းဆိုင်ရာများ၊ နိုင်ငံတကာ၏ သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ တန်ဖိုးမြှင့် ထုတ်လုပ်မည့် စက်ရုံလုပ်ငန်းဆိုင်ရာများ၊ သုတေသန ဓါတ်ခွဲခန်း ထားရှိဆောင်ရွက်ရန် ကိစ္စရပ်များ၊ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တလျှောက်နှင့် ရိတ်သိမ်းပြီး နောက်ပိုင်းကာလ လုပ်ငန်းစဉ် များတွင် စက်ကိရိယာများ အသုံးပြုနိုင်ရေး၊ သွင်းအားစုများ တစ်နေရာတည်းတွင် ရရှိရေးအတွက် စိုက်ပျိုးရေးအခြေခံ စက်မှုဇုန် လုပ်ငန်းဖော်ထုတ် ဆောင်ရွက်ရေး၊ နည်းပညာ အသိပညာဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment