ဘားအံ ဩဂုတ် ၁၈
ကရင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ဘားအံမြို့တွင် တည်ဆောက်ပြီးစီး ခဲ့သည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က လှာကမြင်ကွက်သစ်ရှိ အဆိုပါစက်ရုံ တည်နေရာ၌ ကျင်းပသည်။
စက်ရုံဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ပြည်သူများ အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်ပေးနေကြောင်း၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း တင်းတင်းကြပ်ကြပ်ဖြင့် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး လိုအပ်ချက်များရှိနေဆဲ ဖြစ်ကာ ကုသရေးစင်တာများ ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထပ်မံလိုအပ်မည့်အောက်ဆီဂျင်များကိုလည်း ယခုစက်ရုံမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်စက်ရုံလည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများနှင့် စက်ရုံဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက် ပေးကြ သူများအားလုံးကို ကရင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဘားအံမြို့အောက်ဆီဂျင်စက်ရုံ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးကြကာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသိန်းကိုကို၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်း နောင်နှင့် သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းတို့က ဘားအံမြို့အောက်စီဂျင် စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက အောက်ဆီဂျင်စက်ရုံလည်ပတ်နေမှု အား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြပြီး ယနေ့ဖွင့်လှစ်သည့် အောက်ဆီဂျင်စက်ရုံသည် (၄၀)လီတာ ဆလင်ဒါအိုး အလုံး(၂၀၀)ခန့် နေ့စဉ် ထုတ်လုပ်နိုင်မည်ဖြစ်ကာ သက်ဆိုင်ရာဆေးရုံများ၊ ကုသရေး စင်တာများအပြင် လိုအပ်သည့်ဒေသခံတိုင်းရင်းသား ပြည်သူများအား ဖြန့်ဝေဆောင်ရွက်ပေးသွားမည် ကြောင်း၊ ငွေကျပ်သိန်း ၂၂၀၀ (နှစ်ထောင်နှစ်ရာ)တန်ဖိုးရှိ တရုတ်နိုင်ငံ ထုတ်စက်ဖြစ်ပြီး အဆောက်အဦ မှာ (၃၀’ X ၆၀’ X ၁၃’ ) Steel Structure အမျိုးအစားဖြစ်ကြောင်း၊ ပြည်နယ်၏ အရေးပေါ်ရန်ပုံငွေ၊ အထွေထွေပိုလျှံရန်ပုံငွေတို့မှ ဝယ်ယူသုံးစွဲ ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် တစ်ရက်လျှင် (၄၀)လီတာအိုး ၈၀ မှ ၁၀၀ ကြား ထုတ်လုပ်နိုင်မည့် ရွေ့လျား မိုဘိုင်းအောက်ဆီဂျင်စက် ( ၂ )လုံးကို အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် မှာယူထားပြီး ပြည်နယ်၏ အောက်ဆီဂျင်လိုအပ်မှုကို အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ကြောင်းနှင့် လိုအပ်ပါက အောက်ဆီဂျင်စက်ရုံများ ထပ်မံ တိုးချဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:
Post a Comment