Friday, August 13, 2021

ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများမှ အလုပ်သမားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြည့်ရှုအားပေး

 


ပဲခူး ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများမှ အလုပ်သမားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ် စက်မှုဇုန်နယ်မြေ အတွင်းရှိ စိန်ဟင်္သာစားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံ၌ အလုပ်သမားဦးရေ(၁၅၀)ဦး၊ Gread Men and Bell Mart အထည်ချုပ်စက်ရုံရှိ အလုပ်သမားဦးရေ(၂၀၀)ခန့်နှင့် PungKook လက်ကိုင်အိတ်နှင့် ကျောပိုးအိတ် ထုတ်လုပ်သည့် စက်ရုံရှိ အလုပ်သမားဦးရေ(၁၅၀၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံသည့် စုရပ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာနိုင်ရေးနှင့် စက်ရုံ/အလုပ်ရုံ အလုပ်သမားများသည် စီးပွားကုန်ထုတ်လုပ်ငန်းများ၏ အဓိကကျသည့်အုပ်စုဖြစ်သဖြင့် ကာကွယ်ဆေးရရှိသည့် အရေအတွက်အတိုင်း အပြည့်အဝ ထိုးနှံပေးနိုင်စေရေးနှင့် သတ်မှတ်ရက်အလိုက် ကာကွယ်ဆေးထိုးနှံရန် ရေးဆွဲထားသည့် စက်ရုံစုရပ်များအား အချိန်နှင့်တစ်ပြေးညီ ထိုးနှံပေးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ်ဆေးရုံ၌ အောက်စီဂျင် လိုအပ်သော ကိုဗစ်-၁၉ ရောဂါ ပြင်းထန်လူနာ(၆၁)ဦး တက်ရောက်ကုသနိုင်ရန် အောက်စီဂျင် ပိုက်လိုင်းများ သွယ်တန်းပြီးစီးမှုနှင့် Flow Meter (၆၁)ခု တပ်ဆင်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လူနာများမရောက်ရှိမီ ဆေးရုံသန့်ရှင်းရေး အပြီးသတ် ဆောင်ရွက်သွားရန်နှင့် ကိုဗစ်-၁၉ ရောဂါ လူနာများတွက် အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး အောက်စီဂျင်အိုးများ သယ်ယူ/ ပို့ဆောင်မည့် မော်တော်ယာဉ် (၁)စီးစီစဉ်ပေးခဲ့ပြီး Oxygen Concentrator (၄)လုံးအား ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်သို့လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများအတွက် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးဝန်း အတွင်းရှိ ဂျိုးသိန်း(၂)ထပ် လူနာဆောင်အား အောက်စီဂျင်ပိုက်လိုင်း (၄၀)ခု၊ Flow Meter (၄၀)ခု တပ်ဆင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(တိုင်းဒေသကြီးပြန်/ဆက်)

No comments:

Post a Comment