Tuesday, August 24, 2021

တပ်ကုန်းမြို့၌ အခြေခံလူတန်းစား အိမ်ထောင်စု (၅၀၈)စုထံသို့ စားသောက်ကုန်များ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်

 


တပ်ကုန်း  ဩဂုတ် ၂၄

နေပြည်တော် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀၈)စုထံသို့   ဒို့တပ်ကုန်း သဘာဝဘေးကူညီရေးအသင်းမှ စားသောက်ကုန် ပစ္စည်း(၄)မျိုးကို  ယနေ့နံနက် ၈နာရီက  အဆိုပါရပ်ကွက် အထက်တန်းကျောင်း(ခွဲ)တွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  ထောက်ပံ့ပေးအပ်သည်။

 “ကျွန်မက ဗိုလ်မင်းရောင်ရပ်ကွက်၊ နယ်မြေ(၂)မှာ နေထိုင်ပါတယ်၊ အခုကဆန်၊ ဆီ၊ ကြက်သွန်နီ နဲ့ခေါက်ဆွဲထုပ်များကို ရရှိပါတယ်၊ ဒီကာလအချိန်မျိုးမှာ လာရောက်ထောက်ပံ့ပေးအပ်တဲ့ ဒို့တပ်ကုန်းသဘာဝဘေးကူညီရေးအသင်းမှ သားငယ်၊ သမီးငယ်များနဲ့ စေတနာရှင်ပြည်သူများကို  ကျေးဇူးတင်ပါတယ်၊  ဒို့တပ်ကုန်း သဘာဝဘေးကူညီရေးအသင်းကြီးလည်း အများအကျိုး အတွက် နှစ်ပေါင်းကြာရှည်ဆောင်ရွက်နိုင်တဲ့အပြင် စေတနာရှင်များလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဟု  အခြေခံလူတန်းစား အိမ်ထောင်စုဝင် အမျိုးသမီးတစ်ဦး က ပြောပြသည်။

ထိုထောက်ပံ့ပေးအပ်သော အခြေခံစားသောက်ကုန်များမှာ အိမ်ထောင်စု တစ်စုလျှင် ဆန် (၆) ပြည်၊ ဆီ (၅၀) သား၊ ကြက်သွန်နီ (၁)ပိဿာ၊ မာမားခေါက်ဆွဲ (၄) ထုပ်ကို ပြည်သူလက်ဝယ် အရောက်ထောက်ပံ့ရာတွင် ကိုဗစ်−၁၉ ရောဂါကူးစက်မှုမရှိစေရေး၊ လူစုလူဝေးမဖြစ်စေရေး တစ်ဦးနှင့်တစ်ဦး သုံးပေအကွာတန်းစီ၍ နှာခေါင်းစည်း( Mask)တပ်ဆင်စေပြီးမှ  အခြေခံလူတန်းစား အိမ်ထောင်စု(၅၀၈)စုကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ယမန်နေ့က ဆရာစံရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၆၇၀)စုကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မနက်ဖြန်တွင် မြဝတီရပ်ကွက် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ပေးအပ်မည်ဖြစ်ပြီး၊ ကျန်ရပ်ကွက်များကိုလည်း ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဒို့တပ်ကုန်း သဘာဝဘေးကူညီရေးအသင်းမှ သိရသည်။

တင်စိုးလွင်

No comments:

Post a Comment