၂၀၁၉ ခုနှစ်အတွက်
ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု၊
ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆု ဆုချီးမြှင့်ပွဲကျင်းပ
ရန်ကုန် ဧပြီ ၂
၂၀၁၉ ခုနှစ်အတွက်
ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု၊
ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆု ဆုချီးမြှင့်ပွဲ အခမ်းအနားကို
ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန
စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးဝင်းကျော်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ပခုက္ကူစာပေဆု
ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ သိပ္ပကျော်စွာ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)နှင့်
ကော်မတီဝင်များ၊ ပခုက္ကူဦးအုံးဖေ စာပေဆု စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များ၊ စာပေပညာရှင်များ၊ ဆုရရှိကြသူများနှင့် ဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်
ဦးဝင်းကျော်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ပခုက္ကူစာပေဆု
ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ သိပ္ပကျော်စွာ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)က
ဆုချီးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ
ပခုက္ကူစာပေဆု ရန်ပုံငွေ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ သိပ္ပကျော်စွာ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)က
ပခုက္ကူစာပေ တစ်သက်တာဆုရ ဆရာမကြီး ဒေါ်ကြွယ်ကြွယ်(မကြွယ်ကြွယ်)အား ဆုချီးမြှင့်သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်
ဦးဝင်းကျော်အောင်၊ ပြန်ကြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်
ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ ရန်ပုံငွေကြီးကြပ်ရေး ကော်မတီဝင်များဖြစ်ကြသည့်
မောင်ငြိမ်းသူ(ကြို့ပင်ကောက်)၊ ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးအောင်သန်းဦး
(ပုသိမ်အောင်သန်းဦး)၊ ဦးစိုးမြင့်(စိုးမှူး)၊ ဒေါက်တာ တင်အောင်ရွှေ (သုတေသီ)၊ ဦးမြတ်စိုး
(မြတ်စိုးလှိုင်)တို့က ၂၀၁၉ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု၊ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်
စာအုပ်ဆု ရရှိကြသူများကို ဆုများပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ဆုရရှိကြသူများကိုယ်စား
ပခုက္ကူစာပေ တစ်သက်တာဆုရ ဆရာမကြီး ဒေါ်ကြွယ်ကြွယ်(မကြွယ်ကြွယ်)က ကျေးဇူးတင်စကား ပြောကြားပြီး
စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယနေ့ ဆုချီးမြှင့်ပွဲတွင်
တစ်သက်တာစာပေဆု တစ်ဆု၊ ၂၀၁၉ ခုနှစ်အတွက် တင်သွင်းလာသော စာမူပေါင်း ၈၂ စောင်ကို စာမူဆု
စည်းကမ်းများနှင့်အညီ ဖတ်ရှုစိစစ်ခဲ့ပြီး ကဗျာပေါင်းချုပ်၊
ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကျမ်းစာပေ၊ သုတေသနစာပေ ဘာသာရပ်ငါးမျိုးမှ ဆုပေါင်း
၁၂ ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆု သုံးဆု၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များမှ
ပညာသင်ဆု နှစ်ဆုတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ
စာဖတ်ပရိသတ်ပြည်သူများအတွက် အကျိုးပြုစာပေများ ရှင်သန်ထွန်းကားရေးနှင့် မြန်မာစာပေ
ဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရန် ရည်ရွယ်ကာ ၁၉၉၂ ခုနှစ်တွင် ပခုက္ကူဦးအုံးဖေက
၄င်း၏ အသက် ၇၆ နှစ် အထိမ်းအမှတ် စာပေရန်ပုံငွေတစ်ရပ်အဖြစ်
စာပေရန်ပုံငွေထူထောင်ရန် စာပေဆု မတည်ငွေ ငွေသားကျပ်
၇၆ သိန်းကို နိုင်ငံတော်သို့ လွှဲပြောင်း လှူဒါန်းခဲ့ရာမှ ပခုက္ကူစာပေဆုအဖြစ် အမည်တွင်ခဲ့ခြင်း
ဖြစ်သည်။
ထိုစာပေဆုရန်ပုံငွေ၏
အတိုးအညွန့်များဖြင့် နှစ်စဉ်ဆုများ ချီးမြှင်ခဲ့ရာ ယခု ၂၀၁၉ ခုနှစ် စာပေဆုချီးမြှင့်ပွဲဆိုလျှင် ၂၇ ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။
(သတင်းစဉ်)
No comments:
Post a Comment