Friday, April 2, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံသော စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံသော စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဧပြီ 

မြန်မာနိုင်ငံအတွင်း ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံထားသော စက်ရုံ၊ အလုပ်ရုံလုပ်ငန်းရှင်များနှင့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ပြည်ပမှလာရောက် ရင်းနှီး မြှုပ်နှံသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းရှင်များကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ COVID-19 ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ တွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ ပြည်ပသံရုံးမှ စီးပွားရေးသံမှူးနှင့်   ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 

တွေ့ဆုံပွဲတွင် စက်မှုဇုန်များ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသော တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့မှ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီ ကိုယ်စားလှယ်များက လက်ရှိတွေ့ကြုံနေရသော အခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ရှိဖြစ်ပေါ်နေသော ကုန်သွယ်မှုဆိုင်ရာ၊ ဘဏ်ပိုင်းဆိုင်ရာ၊ ဆိပ်ကမ်းဆိုင်ရာ၊ ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများနှင့် ပို့ကုန်သွင်းကုန်ဆိုင်ရာ ထောက်ခံချက် ကိစ္စရပ်များအပေါ် ပြန်လည် ရှင်းလင်းကြသည်။

ထို့နောက် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ဗဟိုကော်မတီလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၃) ရက်မှ မတ် (၃၁) ရက်ထိ ကုန်သေတ္တာစုစုပေါင်း ဆိပ်ကမ်းမှအထွက် (၁၉၅၉၄) လုံး၊ ဆိပ်ကမ်းအဝင် (၂၂၄၀၇) လုံး ၊ စုစုပေါင်း (၄၂၀၀၁) လုံးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်မှု အနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ညှိနှိုင်းဆက်သွယ်ပြီး ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုတွေ့ဆုံပွဲတွင် လတ်တလော အခက်အခဲများအနက်မှ ချက်ချင်းဆောင်ရွက်နိုင်သော အချက်များအား ပြန်လည်ရှင်းလင်းပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းရမည့်အချက်များရှိပါကလည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသော ကုမ္ပဏီလုပ်ငန်းရှင်များက စက်ရုံအလုပ်သမားများ၏ လုပ်ခလစာငွေ ထုတ်ယူမှု အခက်အခဲ၊ CMP လုပ်ငန်းရှင်များ၏ ပြည်ပမှလုပ်ခလစာငွေ ဝင်/ မဝင်၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ ထောက်ခံချက်များ ကြန့်ကြာမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဆိပ်ကမ်းကုန်သေတ္တာ အခက်အခဲဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ကြပြီး  ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးကြသည်။

မွန်းလွဲပိုင်းတွင် တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ ကုန်သေတ္တာ အခက်အခဲ၊ ဘဏ်ပိုင်း ဆိုင်ရာအခက်အခဲ၊ အင်တာနက်ဆိုင်ရာ အခက်အခဲ၊ ဆိပ်ကမ်းကုန်သေတ္တာ ရက်လွန်ဒဏ်ကြေး ကိစ္စရပ်များအပေါ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးကြသည်။

(သတင်းစဉ်)







No comments:

Post a Comment