နေပြည်တော် ဧပြီ ၅
၂၀၂၁ ခုနှစ် ဧပြီလ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ပဉ္စမနေ့ကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပပြီး ကျောက်မျက်အတွဲ ၁၉၉ တွဲအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက် အတွဲ ၅၂ တွဲ ရောင်းချခဲ့ရ သည်။
ယနေ့ရောင်းချပွဲသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယ ဝန်ကြီး ဦးမင်းမင်းဦးနှင့် ပြပွဲဗဟိုကော်မတီဝင်များ လာရောက်၍ ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်း အတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ရောင်းချပွဲပဉ္စမနေ့တွင် နံနက် ၈ နာရီမှစ၍ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ၌ သတ်မှတ်နယ်မြေအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများကို ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၄၅၀ အထိတင်သွင်းထား သည့် ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက နံနက် ၁၁ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက် စစ်ဆေးကာ ဧပြီ ၆ ရက်နေ့ နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဧပြီ ၆ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၄၅၁ မှ အတွဲအမှတ် ၉၀၀ အထိ တင်သွင်းသည့် ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက နံနက် ၁၁ နာရီ တွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာ ဧပြီ ၇ ရက် နံနက် ၈ နာရီတွင်လည်းကောင်း၊ဧပြီ ၇ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် ၉၀၁ မှ အတွဲအမှတ် ၁၃၅၀ အထိ တင်သွင်းသည့် ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက နံနက် ၁၁ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက် စစ်ဆေးကာ ဧပြီ ၈ ရက် နံနက် ၈ နာရီတွင်လည်းကောင်း၊ ဧပြီ ၈ ရက်တွင် ကျောက်စိမ်းအတွဲ ၁၃၅၁ မှ အတွဲအမှတ် ၁၈၀၀ အထိတင်သွင်းသည့် ဈေးနှုန်းတင်သွင်း လွှာများကို တာဝန်ရှိသူများက နံနက် ၁၁ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာ ဧပြီ ၉ ရက် နံနက် ၈ နာရီ တွင် လည်းကောင်း၊ ဧပြီ ၉ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၁၈၀၁ မှ အတွဲအမှတ် ၂၁၄၈ အထိ တင်သွင်းသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက နံနက် ၁၁ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက် စစ်ဆေးကာ ဧပြီ ၁၀ ရက် နံနက် ၈ နာရီတွင် လည်းကောင်း ရောင်းချရသည့် ကျောက်စိမ်း အတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment