Monday, April 5, 2021

မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများမှ သံရုံးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေး

 


 နေပြည်တော် ဧပြီ ၅

 ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များနှင့် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များကို နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည့်အပြင် ယနေ့တွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Convention Center ၌ ရန်ကုန်မြို့ အခြေစိုက်သံရုံးများ ဖြစ်ကြသော အိန္ဒိယသမ္မတနိုင်ငံ၊ ဘရူနိုင်းဒါရုဆလင်နိုင်ငံ၊ ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတ နိုင်ငံ၊ နီပေါနိုင်ငံ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ ကာတာနိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံရုံးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း ၇၃ ဦးကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။

 

ထိုးနှံပေးခဲ့သည့် ကာကွယ်ဆေး အမျိုးအစားမှာ နိုင်ငံတော်မှ ပြည်သူ့ဘဏ္ဍာငွေဖြင့် အကုန်အကျခံ ဝယ်ယူထားသည့် COVISHIELD ကာကွယ်ဆေးဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အခမဲ့ထိုးနှံပေးခြင်း ဖြစ်သည်။

 





 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လတ်တလောတွင် စာရင်းပေးပို့ထားသော မြန်မာနိုင်ငံ အခြေစိုက် သံရုံး(၁၉)ရုံးမှ သံရုံးဝန်ထမ်းများနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်လျက်ရှိပြီး ပထမအကြိမ်  ကာကွယ် ဆေးထိုးနှံပြီးပါက ဒုတိယအကြိမ် ကာကွယ်ဆေးဆက်လက်ထိုးနှံနိုင်ရန် ဆောင်ရွက် ပေးသွားမည် ဖြစ်ကာ Completion certificate of COVID-19 Vaccination (ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးခြင်းမှတ်တမ်း)များကိုလည်း စနစ်တကျ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

No comments:

Post a Comment