Tuesday, April 6, 2021

ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

 

 နေပြည်တော် ဧပြီ ၅

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင် တိုက်၊ ရတနာဘိမတဓမ္မ ဗိမာန်တော်၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဆွမ်းဆန်တော်လှူဒါန်းပွဲ ကျင်းပသည်။

 

အခမ်းအနားသို့ ဇေယျာသီရိမြို့နယ်သံဃနာယကအဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌ၊ ရေဆင်းကန်ဦး ကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိလာသ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန်၊ သာသနာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန် များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုခဲ့ကြ သည်။

 

ရှေးဦးစွာ  ဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌ၊ ရေဆင်းကန်ဦး ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိလာသ ဆရာတော်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုတော် မူကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာစွာ တည်တံ့ဝေစည်နိုင်စေရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆက်လက်အားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော်သုံးရပ်ကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူကြသော ဆရာတော် သံဃာတော်များအား ဆရာဒကာ တွဲလက်ညီညာစွာဖြင့် ပစ္စည်းလေးပါးတို့ကို နေရာအလိုက် ထောက်ပံ့လှူဒါန်း သွားမည်ဖြစ်ပါကြောင်း။

 

ဖေဖော်ဝါရီ ၈ ရက်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဘုရားစေတီပုထိုး များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖူးမြော်ခွင့်ရရှိရေး ဆောင်ရွက် ခဲ့ပါကြောင်း၊ ယခုအခါ ဒေသအသီးသီးရှိ တန်ခိုးကြီးဘုရားစေတီများသို့ ရဟန်းရှင်လူပြည်သူအများ စိတ်အေး ချမ်းသာစွာ လာရောက်ဖူးမြော်ကုသိုလ်ယူနေကြသဖြင့် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ယူရပါ ကြောင်း။

 

ယခုလို အခြေအနေမျိုးတွင် သာသနာ့ဝန်ဆောင် ဆရာတော် သံဃာတော်များအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ဆွမ်းဆန်တော်များ လှူဒါန်းပေးခြင်းဖြင့် ဆရာတော် သံဃာတော် များအတွက် ထိုက်သင့်သည့် ဘောဇနသပ္ပါယ မျှတနိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ဆွမ်း၊ ကွမ်း ဘောဇဉ် မျှတပြီး အသက်ရှည်ကျန်းမာပျော်ရွှင်စွာ ဖြင့် ဗုဒ္ဓမြတ်စွာ၏ ဓုရနှစ်ဖြာ သာသနာတော်ကို ဆထက်ထမ်းပိုး သယ်ပိုးထမ်းဆောင် နိုင်ကြပါစေကြောင်းနှင့် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး အနှစ်များမြောင်စွာ တည်တံ့ ထွန်းလင်း ဝေစည်နိုင်ပါစေကြောင်း လျှောက်ထားသည်။

 

ထို့နောက် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်သံဃနာယကအဖွဲ့(သုဓမ္မာ) ဥက္ကဋ္ဌ၊ ရတနာစံ ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တသာရ မထေရ်မြတ်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

အဆိုပါ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ရာ ဘုန်းတော်ကြီးကျောင်း ၆၀ ၊ သီလရှင်ကျောင်း ၁ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော် မူကြသော ရဟန်း၊ သာမဏေ ၈၁၇ ပါး၊ သီလရှင် ၃၃ ပါး၊ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း အပါး ၈၅၀ တို့အား ဆွမ်းဆန်တော် ၁၅၇ အိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

No comments:

Post a Comment